ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များ၏ ကိစ္စသည်IS၏ လက်ဝေခံ၊ လက်အောက်ခံအဖွဲ့များ၏ အာရုံကိုဖမ်းစားထားပြီးဖြစ်ရာ မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်အ ကြမ်းဖက်အုပ်စုများ ပေါက်ဖွားရာနိုင်ငံ ဖြစ်လာနိုင်ချေရှိနေသည်။

နှစ်ပေါင်းများစွာပင် ရခိုင်ပြည်နယ်ရှိဘင်္ဂါလီများနှင့် မြန်မာအစိုးရအကြား ပြဿနာများရှိခဲ့ဖူးသည်။ ပြီးခဲ့သည့်လမှစကာ ပဋိပက္ခက ပို၍ကြီးထွားလာခဲ့ပြီး ဘင်္ဂါလီပေါင်းသုံးသိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARS -A)မှ စစ်သွေးကြွများက လုံခြုံရေးကင်း စခန်းသုံးဆယ်ကို တစ်ပြိုင်နက်တည်း ပူး ပေါင်းတိုက်ခိုက်ခဲ့ရာ တပ်မတော်ကလက်တုံ့ပြန်ခဲ့သည်။ သို့သော် နိုင်ငံတကာမှ ဝေဖန်သူများကတော့ ထိုကဲ့သို့ လက်တုံ့ပြန်မှုမှာ ပြင်းထန်လွန်းသည်ဟု ဝေဖန်ခဲ့ကြသကဲ့သို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကလည်း ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံ၏ ဆက်ဆံပြုမူပုံမှာ ‘လူမျိုး သုဉ်းအောင်လုပ်ခြင်း၏ ဥပမာပင်ဖြစ်ကြောင်း’ မကြာသေးခင်က ပြောဆိုခဲ့ သည်။

ထိုပြဿနာက မြန်မာနိုင်ငံသည် အာရှ၏ လူစိတ်ဝင်စားမှုအများဆုံး ဈေးကွက်ဖြစ်လာနိုင်ချေရှိနေသော အနေအထားကို ပျက်ယွင်းအောင်ပြုနိုင်သည်။ မြန်မာနိုင်ငံ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ ပထမဆုံးလေးလအတွင်းတွင်ပင် အမေရိကန်ဒေါ်လာသုံးဘီလီယံ ပြည်ပမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရရှိခဲ့ပြီး ကမ္ဘာဘဏ်ကလည်း မြန်မာနိုင်ငံ၏စီးပွားရေးမှာ နှစ်စဉ် တစ်နှစ်လျှင် ၇ဒသမ၁ ရာခိုင်နှုန်း တိုး တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းထား သည်။

လက်ရှိ ရှိနေသောပြဿနာများအပြင် ဘူးလေးရာဖရုံဆင့်သည်ဆိုသကဲ့သို့ ပြဿနာအသစ်များလည်း ပေါ်လာသည်။ ထိုပြဿနာအသစ်ကတော့ ရခိုင် ပြည်နယ်ရှိ အခြေအနေများဆိုးလာသည်နှင့် အရှေ့တောင်အာရှနှင့် တခြားဒေသမှအကြမ်းဖက်ကွန်ရက်များက ဘင်္ဂါလီများ၏ကိစ္စအပေါ် အမြတ်ထုတ်လာနိုင်ဖွယ်ရှိနေခြင်းပင်။

‘အခြားဘာသာမှ ဘာသာရေး ခေါင်းဆောင်များပါဝင်ပြီး အင်အားကောင်းသော အစိုးရ၏ဘင်္ဂါလီများအပေါ် ဖိနှိပ်မှုက ဂျီဟတ်အဖွဲ့တွေအတွက် နိုင်ငံ ဖြတ်ကျော် အကြမ်းဖက်မှုများလုပ်ဆောင်ရန် အလားအလာတစ်ခုကို ဖန်းတီးပေး လိုက်သလိုဖြစ်နေသည်’ ဟု နိုင်ငံတကာရေးရာနှင့် မဟာဗျူဟာစင်တာမှ လေ့လာသူများက ဆိုသည်။

‘ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ဖိလစ်ပိုင်တောင်ပိုင်းက လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေးထကြွသူများနှင့် အပြိုင်ပင် ယခုဖြစ်နေသော အကြမ်းဖက်မှုများက နိုင်ငံပြင်ပမှ အစွန်းရောက်အကြမ်းဖက်သမားများကို ဆွဲခေါ်နေသကဲ့သို့ ဖြစ်နေသည်’ဟု လေ့လာသုံးသပ်သူများက ဆို သည်။
ပြည်ပမှ အကြမ်းဖက်သမားများသည် အရှေ့တောင်အာရှနိုင်ငံများ၏ပြည်တွင်းရေးလှုပ်ရှားမှုများတွင် ဝင်ရောက်လာသည်ကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ယခု နှစ်မေလကဆိုလျှင် အကြမ်းဖက်အဖွဲ့အ ဘူဆေယက်နှင့် ဖိလစ်ပိုင်းတပ်များအကြားကတိုက်ပွဲကြောင့် ပြည်ပအကြမ်းဖက်သမားရှစ်ဆယ်ခန့် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်လာခဲ့ဖူးကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြသည်။ ထို့အပြင် IS ၏ လက်ဝေခံဆက်စပ်နေသောအကြမ်း ဖက်သမားများသည် ဆီးရီးယားနှင့် အီရတ်အပြင် အခြားနေရာများတွင်လည်း အကြမ်းဖက်မှုများ လုပ်ဆောင်လိုနေကြသည်။ သို့ဖြစ်ရာ မွတ်ဆလင်များကို ကာကွယ်ရန် အခွင့်အရေးဆိုသည်က ထိုအကြမ်းဖက်သမားများအတွက် သဘောကျစရာဖြစ်နေသည်ဟု ၎င်းတို့က ဆိုသည်။

၂၀၁၄ ခုနှစ်ကဆိုလျှင် IS ခေါင်းဆောင် အဘူဘက်ကာအယ်ဘက်ဒဒီက ရခိုင်ပြည်နယ်မှာ ဂျီဟတ်များအတွက် အဓိကဒေသဖြစ်ကြောင်း ကြေညာခဲ့သည်။
ဘင်္ဂါလီများမှာ ဘာသာရေးအစွန်းရောက်များ၏ ပစ်မှတ်များလည်းဖြစ်သည်။ မြန်မာနိုင်ငံကတော့ တစ်သန်းလောက်ရှိသော ၎င်းတို့ကို တရားမဝင်ခိုး ဝင်လာသူများအဖြစ်သာမြင်ပြီး နိုင်ငံသားဖြစ်ခွင့်လည်း ပေးမထားပေ။

‘ရခိုင်ပြည်နယ်က အခြေအနေတွေက မြန်မာနိုင်ငံကို ပိုဆိုးသွားစေမယ့် IS တွေရဲ့ အယူအဆတွေအပြင် အစွန်းရောက်တွေရဲ့ လွှမ်းမိုးမှုတွေအတွက် ရေခံ မြေခံကောင်းတွေ ဖန်တီးပေးနေသလိုဖြစ်နေတယ်’ ဟု စင်ကာပူအခြေစိုက် နန်ယန်နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အစီရင်ခံစာတွင် ရေးသားထားသည်။ ထိုအခြေအနေများမှာ ဒေသခံအုပ်စုများနှင့် ISအုပ်စု၊ ISလက်အောက်ခံအုပ်စုများအကြား ပူးပေါင်းစေဖို့ လုပ်ပေးသလိုဖြစ်နေကြောင်းလည်း ၎င်းတို့ကဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအခါတွင် ဘင်္ဂါလီများဘက်မှရပ်တည်မပေးဟုဆိုကာ နိုင် ငံတကာ၏ ဝေဖန်မှုများကို ခံနေရသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ ပဋိပက္ခများသည် အရှေ့တောင်အာရှရှိ အစွန်းရောက်မွတ်ဆလင်များအတွက် တိုက်ပွဲခေါ်သံများလို ဖြစ်နေပြန်သည်။
ကမ္ဘာ့မွတ်ဆလင်လူဦးရေ အများဆုံးနေထိုင်သောအင်ဒိုနီးရှားနိုင်ငံမှ အစွန်းရောက်များသည် မြန်မာနိုင်ငံမှပြဿနာများကို  ပြည်တွင်းဘာသာရေး တင်မာမှုများဖြစ်အောင် အသုံးချလျက်ရှိနေကြောင်း ယူရေးရှားအုပ်စုမှ အရှေ့တောင်အာရှဆိုင်ရာ နိုင်ငံရေး အကြံပေး ပီတာမွန်ဖို့ဒ်က ပြောသည်။

ယခုနှစ်အစောပိုင်တွင် ဂျကာတာ မြို့တော်ဝန် ဘဆူကီတြဟာဂျပါနမာကို ဆန္ဒပြခဲ့ကြဖူးသော ထိုမွတ်ဆလင်နိုင်ငံရေးအဖွဲ့ကပင် စက်တင်ဘာလ ၇ ရက်နေ့ က ဘင်္ဂါလီများအရေးနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပြီး မြန်မာဗုဒ္ဓဘာသာဝင်များ အပေါ် ဂျီဟတ်လုပ်ကြရန် တောင်းဆိုခဲ့ကြ သည်။
ရခိုင်ပြည်နယ်မှ အခြေအနေများက ‘အရှေ့တောင်အာရှနဲ့ တခြားနေရာတွေက အစွန်းရောက် အစ္စလာမ်မစ်များကို ဆွဲခေါ်နေသလိုဖြစ်မှာကို စိုးရိမ်စရာဖြစ် နေတယ်’ ဟု မွန်ဖို့ဒ်က ပြောသည်။

Written by – မင်းသူအောင်

Source: CNBC

Leave a Reply