ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရှိနေဆဲ လက်နက်ကိုင်ပဋိပက္ခအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက အချက် ငါးချက်ပါ သတင်းထုတ်ပြန်ချက်တစ်ရပ် ယမန်နေ့ ဧပြီ ၂၁ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

စားနပ်ရိက္ခာပြတ်လပ် အတိဒုက္ခရောက်နေသော ပလက်ဝမြို့နယ် ပြည်သူများထံ ရိက္ခာဆန်များ ဧပြီ ၁၉ နေ့လယ်ပိုင်းတွင် အရောက်ပို့ဆောင်နိုင်ခဲ့ကြောင်း ကြားသိရသဖြင့် ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်တွင် ကနဦး ဖော်ပြသည်။

ယင်းဒေသတွင် တည်ငြိမ်အေးချမ်းပြီး လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာချိန်၌ ဒေသခံတို့ စားဝတ်နေရေး၊ ရေရှည်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသည့် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး  အလေးထား ဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အရာရှိ၊စစ်သည်အားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အရပ်သားများ သေဆုံး ဒဏ်ရာရရှိမှုဖြစ်စဉ်များကို ကြားသိရသဖြင့် များစွာ စိတ်မကောင်းဖြစ်ရပြီး ၎င်းတို့နှင့် မိသားစုဝင်များအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့ ပေးမည်ဟုလည်း ဖော်ပြသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခ ကြုံတွေ့နေရသည့် ဖြစ်ရပ်များမှ ပြည်သူများ ကင်းဝေးစေရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားသည်။

ယခုရက်ပိုင်းတွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့နှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့သလို အကြမ်းဖက်အုပ်စု၊ မတရားအသင်းအဖြစ် အစိုးရက သတ်မှတ်ထားသော ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA )ကလည်း အထက်ပါဒေသများနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်နှစ်စောင် ကြေညာခဲ့သည်ကို တွေ့ရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက AA တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် ပလက်ဝဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်တောင်ကုန်းကို ဧပြီလလယ်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဧပြီ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။  AA အဖွဲ့က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း၊ ကျောက်တော်မြို့လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဝေးထိန်းရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း ဧပြီ ၁၅ နှင့် ၁၇ ရက်စွဲများဖြင့် သတင်းထုတ်ပြန်ချက်များလည်း ရှိထားသည်။

အခြားတစ်ဘက်တွင်လည်း  ULA/AA က ဧပြီ ၁၉ နှင့် ၂၀ ရက်များတွင်ထုတ်ပြန်ချက်နှစ်စောင် ကြေညာရာ၌ ပလက်ဝဒေသရှိ အရပ်သားများ၊ စစ်ဘေးရှောင်များအတွက် အရေးတကြီး လိုအပ်နေသော ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်များ သယ်ယူပို့ဆောင်ရေး အခက်မကြုံစေရန် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ဖော်ပြချက်များ ရှိခဲ့သလို ၎င်းတို့အပေါ်  မြန်မာ့တပ်မတော်ဘက်မှ လူပုဂ္ဂိုလ်အချို့က တစ်ဖက်သတ်စွပ်စွဲ၊ မဟုတ်မမှန် ပြောကြားချက်များရှိကြောင်း ULA/AA က ထုတ်ပြန်ဖော်ပြမှု ရှိခဲ့သည်။

မြတ်သွင်ဦး

Leave a Reply