Advertisements

ရန်ကုန်၊ အောက်တိုဘာ ၃ ရက်။

ဆွီဒင်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ ဆန့်ကျင်သွားရန် အဆင်သင့်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံမှူးကြီး Mr.Johan Hallenborg က ပြောဆိုလိုက်သည်။

စစ်တွေမြို့ရှိ ဝန်ကြီးချုပ်ဧည့်ခန်းမဆောင်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံမှူးကြီး Mr.Johan Hallenborg နှင့်အဖွဲ့တို့ အောက်တိုဘာ ၃ ရက်တွင် တွေ့ဆုံစဉ် သံမှူးကြီးက ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှပျက်စီးဆုံးရှုံးမှုများကို လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်။ ဆွီဒင်နိုင်ငံအနေဖြင့်လည်း အကြမ်း ဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ ဆန့်ကျင်သွားဖို့ အဆင်သင့်ရှိပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေး ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားရန်လည်း လိုအပ်ပြီး နေရပ်စွန့်ခွာ တိုင်းရင်းသားဒုက္ခသည်များနှင့် တစ်ဖက်နိုင်ငံတွင် သွားရောက်ခိုလှုံနေကြသော တစ်ဖက်အသိုင်းအဝိုင်းမှ ဒုက္ခသည်များအား ပြန်လည်လက်ခံနေရာချထားပေးရန် စီမံဆောင်ရွက်ထားရှိမှုများကိုလည်း သိလိုပါတယ်။ ဆွီဒင်နိုင်ငံကလည်း လိုအပ်သည့်အကူအညီများကို ကူညီသွားရန်အဆင်သင့်ရှိပါတယ်။”ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံမှူးကြီး Mr။Johan Hallenborg က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှု ဖြစ်စဉ်များသည် လတ်တလောပေါ်ပေါက်လာခြင်းမျိုးမဟုတ်ဘဲ အချိန်ကာလာကြာမြင့်စွာ အချိန်ယူ လုပ်ဆောင်သည့် အကြမ်းဖက်မှုဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

“ဒီဒေသမှာနေထိုင်နေကြတဲ့ တကယ့်လူနည်းစုများဖြစ်သော မြို၊ သက်၊ ဒိုင်းနက်၊ ဟိန္ဒူ မျိုးနွယ်စုများ ကွယ်ပျောက်သွားမှာကိုတောင် စိုးရိမ်နေရပါတယ်။ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေးနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့အနေနဲ့ ကြီးကြပ်ဆောင်ရွက်နေပါတယ်။ NGO၊ INGO၊ WFP လိုအဖွဲ့အစည်းတွေက လှူ ဒါန်းတဲ့ပစ္စည်းတွေကို အကြမ်းဖက်အဖွဲ့စခန်းတွေမှာ တွေ့ရှိရကတည်းက တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ စိတ်ခံစားချက် ပြင်းထန်မြင့်တက်မှုအလျှောက် ဒီအဖွဲ့အစည်းတွေကို လက်မခံနိုင်ဘူးလို့ဖြစ်ခဲ့တဲ့အပေါ်မှာလည်း အစိုးရအနေနဲ့ ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် သြဂုတ် ၂၅ ရက်မှစတင်၍ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင်(၅၂)ဦး အသတ်ခံခဲ့ရကာ (၁၉၂)ဦး ပျောက်ဆုံးလျက်ရှိပြီး တိုင်းရင်းသား (၂၇၅၂)ဦးသည် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။

Leave a Reply