နေပြည်တော်၊ ဖေဖော်ဝါရီ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီးနောက် မြို့နယ်၊ ခရိုင်များသာမက နယ်ခြားတစ်လျှောက် လုံခြုံရေးအင်းအား ထပ်မံတိုးမြင့်ထားသည့်အပြင် တပ်မတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့သည် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့သည် နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၁၂၄ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုး ကင်းစခန်း ၁၂ ခု၊ စုစုပေါင်း ၁၈၆ နေရာအား နယ်ခြားစောင့်ရဲကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၁)၊ အမှတ် ၁၀ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတို့ကို ထပ်မံအင်အားဖြည့်တင်းပြီး တပ်မတော်နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါတယ်”ဟု ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောဆိုခဲ့သည်။

ယင်းအပြင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ ရုံး၊ ရဲစခန်းများတွင်လည်း အင်အားထပ်မံ ဖြည့်တင်းခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ဒေသခံများ လုံခြုံမှုရှိစေရေးအတွက် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လိုအပ်သည့် အင်အားထုတ်နုတ်ကာ ကျေးရွာအလိုက် လုံခြုံရေးများ ချထားပေးလျက်ရှိသည့်အပြင် ၎င်းဒေသခံများအတွက် လိုအပ်သည့် စားနပ်ရိက္ခာ၊ အထောက်အပံ့ ပစ္စည်းများအား နိုင်ငံတော်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့ ကြပ်မတ်မှုဖြင့် ပြည်သူများ လက်ဝယ်ရောက်ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ် အောင်စိုးက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံ၏ အနောက်မြောက် နယ်စပ်ဒေတစ်လျှောက် ကုန်းနယ်နမိတ်လုံခြုံရေး နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းအား ၂၀ဝ၉ ခုနှစ် မတ် ၁၃ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ထိ B-2 မှ BP-66 အထိ စုစုပေါင်း ၁၁၄ ဒသမ ၆၅ မိုင် ကာရံပြီးဖြစ်ကာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တုံးချောင်းဝမှ အငူမော်ကျေးရွာအထိ မိုင် ၄၀ ဆက်လျက် ကာရံခြင်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်း ပြောပြချက်အရ သိရသည်။

Written by – ကိုပေါက်

Leave a Reply