Advertisements

မြေပုံ၊ အောက်တိုဘာ ၁၂ ရက်။

ရခိုင်တောင်သူလယ်သမားများ၏အကျိုးစီးပွား မြှင့်တင်ရန်နှင့် ခိုင်မာသောတောင်သူလယ်သမားအဖွဲ့အစည်း ဖြစ်လာရေးအတွက် ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ၏ မြေပုံမြို့နယ်ညီလာခံကို မြေပုံမြို့နယ်၊ ယိုးဆနွင်းကျေးရွာ၌ အောက်တိုဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

“မြေပုံမြို့နယ်မှာ လယ်ယာမြေဆုံးရှုံးမူတွေရှိတယ်။ အာဏာပိုင်နဲ့ ခရိုနီတွေပူးပေါင်းပြီး လယ်မြေတွေကို သိမ်း ဆည်းထားမှုတွေရှိတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့လိုတယ်။ အစိုးရကထုတ်ထားတဲ့ လယ်ယာမြေဥပဒေမှာ လည်း လိုအပ်ချက်ရှိပါတယ်။ အကျိုးမရှိတဲ့ဥပဒေကိုပြင်ဆင်ဖို့၊ အကျိုးရှိတဲ့ဥပဒေကိုပြဌာန်းဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဒီအချိန်က တောင်သူလယ်သမားတွေ တကွဲတပြားဖြစ်နေရမယ့်အချိန်မဟုတ်ပါဘူး။ စုစည်းထားရ မယ့်အချိန်ပါ။”ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းတင်က ပြောသည်။

မြို့နယ်ညီလာခံကျင်းပရခြင်းမှာ လယ်ယာကဏ္ဍတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများအပေါ် ဆွေးနွေး အဖြေရှာရေး၊ လယ်သမားများဘဝ မြှင့်တင်ရေးနှင့် ခိုင်မာသော တောင်သူလယ်သမားအဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးကို ရည်ရွယ်ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်က တောင်သူလယ်သမားတွေဟာ တခြားပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ လယ်သမားတွေထက် ဘဝနိမ့်ကျနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လယ်သမားတွေရဲ့လိုအပ်ချက်အရ လုပ်ဆောင်ရတာပါ။”ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ အတွင်းရေးမှူး ဦးကျော်ဇံကပြောသည်။

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအနေဖြင့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင် ရေး၊ တည်ဆဲဥပဒေနှင့် ညီညွတ်မှုမရှိသည့် မြေယာဆုံးရှုံးနေမှုများနှင့် မြေယာသိမ်းဆည်းထားမှုများကို ကာ ကွယ်တားဆီးနိုင်ရေးနှင့် ဒေသခံတောင်သူလယ်သမားများ ရသင့်ရထိုက်သည့်အခွင့်အရေးများကို တောင်သူ လယ်သမားများကိုယ်တိုင်ဖန်တီးနိုင်ရေး စသည့်ရည်ရွယ်ချက်(၃)ရပ်ကို အဓိကဦးတည်ချက်ထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ကိုယ့်လယ်မြေမှာ လယ်လုပ်နေရင်းကနေ တရားစွဲခံရတယ်။ တရားဖြစ်နေတာ (၄)နှစ်ရှိပါပြီ။ တရားဖြစ်လို့ ကုန်ကျတဲ့ငွေက လယ်မြေရဲ့တန်ဖိုးထက်တောင် ပိုနေပါပြီ။ ဘယ်အဖွဲ့အစည်းတွေကမှ မကူညီကြပါဘူး။ ဒါ ကြောင့် တောင်သူလယ်သမားအဖွဲ့ပေါ်ပေါက်လာမှာကို ကျွန်တော်တို့ကြိုဆိုတယ်။ ကျွန်တော်တို့လယ်သမား တွေ အတွက် အကာအကွယ်ပြုနိင်မယ်၊ အကျိုးဆောင်နိုင်မယ်လို့ယုံကြည်ပါတယ်။”ဟု မြေပုံမြို့နယ်၊ ပြင်ချောင်း ကျေးရွာအုပ်စုမှ လယ်သမား ဦးမောင်ကြာညိုက ပြောသည်။

အဆိုပါ မြေပုံမြို့နယ်၊ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂညီလာခံကို ယိုးဆနွင်း၊ သရက်တောင်၊ စိတ္ထရ၊ ရှောက်ခြုံအုပ်စုများနှင့် ကွမ်းချောင်းတိုက်နယ်၊ ငမန်းရိပ်တိုက်နယ်များမှ တောင်သူ(၂၀၀)ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂညီလာခံကို စစ်တွေမြို့နယ်၌ ပြုလုပ်ခဲ့ပြီးဖြစ် ကာ အခြားမြို့နယ်များအားလုံးတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply