Advertisements

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း အရပ်သားများ သေဆုံးမှုနှင့် ဒဏ်ရာရမှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် တနင်္လာနေ့က မဲခွဲအတည်ပြုလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် စုံစမ်းစစ်ဆေးမည့် ကော်မရှင်တစ်ခု ဖွဲ့စည်းပေးရန်အဆိုကို မြောက်ဦးလွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်အမတ် လေးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သားလွှတ်တော်အမတ်တစ်ဦးက ကန့်ကွက်ဆွေးနွေးခဲ့ကာ အစိုးရအဖွဲ့က မှတ်တမ်းအဖြစ်သာ ထားရန် တောင်းဆိုခဲ့သည်။

ထို့နောက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၂၁ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ၊ ကြားနေမဲ တစ်မဲဖြင့်အဆိုကို လွှတ်တော်က အတည်ပြုလိုက်သည်။

“လွှတ်တော်ရဲ့ အတည်ပြုချက်ကို လွှတ်တော်ဥက္ကဋ္ဌက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ပို့ပါလိမ့်မယ်၊ အဲဒီတော့မှ ဝန်ကြီးချုပ်က ဆက်ပြီးဆောင်ရွက်ပါလိမ့်မယ် ” ဟု ဦးထွန်းသာစိန်က ပြောသည်။

လွှတ်တော်၏လုပ်ငန်းစဉ်အရ လွှတ်တော်အတည်ပြုချက်ကို အစိုးရအဖွဲ့ထံ တစ်ပတ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကော်မရှင်ကို ပြည်နယ်အစိုးရက ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းပေးရန် တောင်းဆိုထားကြောင်း၊ ကော်မရှင် အပြီးသတ်ဖွဲ့စည်းမည့် ရက်ကို မသိရသေးကြောင်း၎င်းက ဆက်လက်ပြောသည်။

ယခုလ ၁၈ ရက်နေ့က တင်သွင်းခဲ့သည့် ယင်းအဆိုကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကကန့်ကွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် “သောင်းကျန်းသူနှင့် အရပ်သားများ ရောထွေးနေ” သည့်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးသော်လည်း အဖြေမှန်ကို မရရှိနိုင်ခြင်းကြောင့်ကန့်ကွက်ရခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့ လွှတ်တော်အစည်းအဝေးအပြီးတွင်ဗိုလ်မှူးကြီး မင်းသန့်က ဒေသခံမီဒီယာများကို ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း သေဆုံးသွားသူ အရပ်သား ၈၀ ကျော်အတွက် ဝမ်းနည်းကြောင်းအဆိုကို စက်တင်ဘာ ၁၇ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် ဘူသီးတောင်မြို့နယ် လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိဘဲလွှတ်တော်က အတည်ပြုခဲ့သည်။

Leave a Reply