ကလေးပျောက်ဆုံးချိန်က လက်ကမ်းစာစောင်များရိုက်ကာ မိဘများက ရှာဖွေခဲ့ကြသည်။

ကျောက်ဖြူမြို့နယ် ခြေမြန်တပ်ရင်း ၅၄၂ တွင် တာဝန်ကျနေသည့် အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်ဝင်းကို ရက်အနည်းငယ်အတွင်း မိဘလက်သို့ ပြန်အပ်မည်ဟု တပ်ကဆက်သွယ် အကြောင်းကြားကြောင်း မိခင်ဖြစ်သူကပြောသည်။

ကလေးပျောက်ဆုံးချိန်က လက်ကမ်းစာစောင်များရိုက်ကာ မိဘများက ရှာဖွေခဲ့ကြသည်။

ကလေးစစ်သားအဖြစ် စုဆောင်းခံထားရသည့် အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်ဝင်းကို မိဘထံ ပြန်အပ်ရန် အမိန့်စာကျပြီဖြစ်သဖြင့် ရက်အနည်းငယ်အတွင်း ၎င်းတာဝန်ကျရာ ရခိုင်ပြည်နယ်ရှိ မိခင်တပ်ရင်းသို့ သွားရောက်ခေါ်ယူရန် တပ်မတော်ဘက်က အကြောင်းကြားလာသည်ဟု ၎င်း၏မိခင်က Myanmar Now ကို ပြောသည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာဇာတိ မောင်အောင်နိုင်ဝင်းသည် ဧပြီလနှောင်းကတည်းက တပ်မတော်သားအဖြစ် စုဆောင်းခံထားရကာ ရခိုင်ပြည်နယ် မင်းပြားအနီးရှိ ရှေ့တန်းတပ်စခန်းသို့ ပို့ဆောင်ခံထားရကြောင်း၊ မိဘများက ပြန်လည်ရှာတွေ့ပြီးနောက် တပ်မတော်မှ နုတ်ထွက်ခွင့်ရရန် ကြိုးစားနေသည်မှာ နှစ်လကျော် ကြာပြီဖြစ်ကြောင်း Myanmar Now က ဒီဇင်ဘာလ ၁၃ ရက် ယမန်နေ့က သတင်းနှင့် ရုပ်သံများ ရေးသား ထုတ်လွှင့်ခဲ့သည်။

ထိုသို့ သတင်းဖော်ပြခဲ့သည့် ညနေမှာပင် မောင်အောင်နိုင်ဝင်းကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏မိခင် ဒေါ်အေးအေးနိုင်က ပြောသည်။

မောင်အောင်နိုင်ဝင်းကို မိဘထံပြန်အပ်ရန် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကာကွယ်ရေးရုံးမှ အမိန့်ကျလာပြီဖြစ်ကြောင်း သထုံမြို့နယ်ရှိ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း(အလံတရာ)မှ ဗိုလ်ကြီးချစ်ကိုကိုက ယမန်နေ့ညနေ ငါးနာရီခန့်တွင် ဖုန်းဆက်အကြောင်းကြားလာသည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးနိုင်က ပြောသည်။

အဆိုပါသင်တန်းကျောင်းသည် မောင်အောင်နိုင်ဝင်း စစ်သားအဖြစ် စုဆောင်းခံရပြီးနောက် ၎င်းကိုပထမဆုံး စစ်သင်တန်းပေးခဲ့သည့်နေရာ ဖြစ်သည်။

၎င်းအပြင် အဆိုပါသင်တန်းကျောင်း၏ ရုံးစာရေး တပ်ကြပ်ကြီးဝင်းနိုင်ကလည်း မောင်အောင်နိုင်ဝင်းကို ကျောက်ဖြူတပ်ရင်းတွင် သွားခေါ်ရန် ထပ်မံအကြောင်းကြားလာသည်ဟု ဆိုသည်။

“ထွက်စာကျပြီတဲ့။ နှစ်ရက်သုံးရက်လောက်နေရင် ကလေးကို သွားခေါ်ချည်တဲ့။ (မိဘ)လက်ထဲကို ဓာတ်ပုံတွေရိုက်ပြီးထည့်ပေးမှာ အဲဒီလိုပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း(အလံတရာ)မှ ဗိုလ်ကြီးချစ်ကိုကိုကို Myanmar Now က ဆက်သွယ်သည့်အခါ ယခုကိစ္စအပေါ် ၎င်းတို့အနေဖြင့် တိုက်ရိုက်ဖြေဆိုခွင့်မရှိကြောင်း၊ ကျောက်ဖြူအခြေစိုက်တပ်ရင်းကို မေးမြန်းရန် လွှဲပြောင်းပေးခဲ့သည်။

ကျောက်ဖြူအခြေစိုက် အမှတ် ၅၄၂ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးဝေလင်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မရခဲ့ပါ။

အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်ဝင်းသည် လွန်ခဲ့သည့် ၈ လခန့်က မွန်ပြည်နယ် ရေးမြို့နယ်သို့ သွားရောက်ရာတွင် စတင်ပျောက်ဆုံးခဲ့ပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံရကြောင်း၊ ပျောက်ဆုံးပြီး ငါးလအကြာတွင် ဖုန်းအဆက်အသွယ်ရရှိခဲ့ကြောင်း ၎င်း၏မိဘများက ပြောသည်။

အသက်မပြည့်သေးသဖြင့် တပ်မတော်မှ နုတ်ထွက်ရန် စာတင်ထားသည်မှာ နှစ်လကျော်သည့်တိုင် အကြောင်းမထူးသည့်အပြင် ရခိုင်ပြည်နယ်၊ မင်းပြားရှိ ရှေ့တန်းတပ်စခန်းသို့ ထပ်အပို့ခံလိုက်ရခြင်း ဖြစ်ကြောင်းပြောသည်။

သားဖြစ်သူ တပ်မတော်မှ နုတ်ထွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးနှင့် မွန်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးဦးစီးဌာနသို့လည်း တိုင်ကြားစာများ ပေးပို့ထားသည်ဟု မိဘများကပြောသည်။

Leave a Reply