Myanmar Now

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌ ကိုဟိန်းဇော် အပါအဝင် ၈ ဦးအမှုကို တရားသူကြီး ၂ ဦးဖြင့် ခုံရုံးဖွဲ့ကာ ယနေ့ (ဩဂုတ်လ ၂၃ ရက်) စတင်စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောဆိုသည်။

“အထူးအမှုတွေဆိုရင် ခုံရုံးနဲ့စစ်တယ်။ သာမန်အမှုတွေထက်ကို ထူးခြားလို့စစ်တာပေါ့နော်။ ဆုံးဖြတ်တဲ့လူ နှစ်ယောက်ဆိုတော့ အမှုကိုသေချာစစ်ဆေးနိုင်တာပေါ့” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော် AA ကို ရန်ပုံငွေရှာဖွေပေးနေသည်ဟုဆိုကာ ၎င်းတို့ ၈ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂ (က) တို့ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် ဩဂုတ် ၉ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ယင်းအမှုတွင် တရားခံပြေးအဖြစ် ကြေညာထားသည့် ကိုသန်းထွန်းနိုင်(ခ)ဘိုနီ နှင့် ကိုစိုးစိုး(ခ)ကိုစိုးမြင့်တို့ကို လတ်တလော ဖမ်းဆီးရမိနိုင်မည် မဟုတ်ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်က တရားခွင်တွင်ထွက်ဆိုခဲ့သည်။

ယနေ့ရုံးချိန်းတွင် ၎င်းတို့ ရှစ်ဦးအတွက် ရှေ့နေအသီးသီးက ရှေ့နေပါဝါတင်ခဲ့ပြီး တရားခံပြေးအဖြစ် ကြေညာခံထားရသည့် ကိုသန်းထွန်းနိုင်နှင့် ကိုစိုးမြင့်တို့၏ ဝရမ်းများကို တရားရုံးထံတင်သွင်းခဲ့သည်။

ယနေ့ တရားခွင်တွင် သက်သေအဖြစ် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်ကို စစ်ဆေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါ ကိုသန်းထွန်းနိုင်၏ဝရမ်းကို ဒုရဲအုပ် မျိုးမြင့်ဇော်က တရားရုံးသို့ သက်သေခံအဖြစ် တင်ပြရာ တရားရုံးက သက်သေခံ(က) အဖြစ်လက်ခံခဲ့သည်။

ဆက်စပ်တရားခံပြေးအဖြစ် ကြေညာထားခံရသူ နောက်တစ်ဦးဖြစ်သည့် ကိုစိုးမြင့်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကြက်လျှာကျွန်းရပ်ကွက် လိပ်စာဖြစ်ခြင်းကြောင့် ၎င်းအမှုအတွက် တရားရုံးမှဝရမ်းပြန်လည် ပေးအပ်ခဲ့သည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒုတိယတရားသူကြီးချုပ် ဦးမင်းသန့် က ကြားနာမှုအပြီး သတင်းထောက်များအား ပြောသည်။

ဝရမ်းပြန်လည်ချိန်းဆိုသည့် ရက်မှာ လာမည့်စက်တင်ဘာ ၆ ရက်နေ့ဖြစ်ပြီး ယင်းနေ့တွင် ဖမ်းဝရမ်းပြန်လည်တင်သွင်းမည့် အပိုင်းကိုသာ စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယနေ့တရားခွင်နှင့် တရားရုံးပတ်ပတ်လည်တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင် အများအပြားတွေ့ရပြီး စွပ်စွဲခံရသူများ၏ မိသားစုဝင်များလည်း တရားခွင်သို့ လာရောက်ခဲ့သည်။

ရခိုင်(စင်ကာပူ)အသင်း ဥက္ကဌ ကိုဟိန်းဇော်၏မိခင်လည်း တရားခွင်တွင်ဝင်ရောက်ကြားနာခဲ့ပြီး စွပ်စွဲခံရသူများသည် အမှားတစ်စုံတစ်ရာမပြုလုပ်ခဲ့သည့်အတွက် အမြန်ဆုံးပြန်လည်လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း တရားရုံးရှေ့တွင် သတင်းထောက်များကို ပြောဆိုသည်။

ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်နေ့များက ကိုအောင်မြတ်ကျော်၊ ကိုဟိန်းဇော်၊ ကိုထွန်းအေး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့ကို စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် စင်ကာပူ CID၊ လဝကနှင့် ရဲများက ဝင်ရောက်ဖမ်းဆီးလိုက်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် AA ကို ရန်ပုံငွေ ရှာဖွေပေးနေသောကြောင့် ၎င်းတို့အား ဖမ်းဆီးရခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်ပြီး ဇူလိုင် ၁၀ ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးလိုက်သည်။

ရန်ကုန်ပြန်ရောက်လာသည့် ၎င်းတို့ ၆ ဦးနှင့် ဆက်စပ်သူ ၃ ဦး စုစုပေါင်း ၉ ဦးတို့ကို နေရာအသီးသီးတွင် အချိန်မတူဘဲ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ သည် အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် ၆ နှစ်အထိချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့အပြင် ရခိုင့်တပ်မတော် AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်၊ ဗိုလ်မှူးကျော်ဟန်နှင့် သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခတို့ကိုလည်း မြောက်ဦးမြို့နယ် ရဲစခန်းမှ ဒုရဲမှူးအောင်သူက အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်တရားစွဲဆိုထားသည်။

Leave a Reply