ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ဇွန် ၂၇ က ရန်ကုန်တွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Facebook

ရန်ကုန်
၂၀၂၀ ဇူလိုင် ၁

မကြာမီ နိုဝင်ဘာလတွင် ကျင်းပရန် ရှိသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အပါအဝင် တိုက်ပွဲများဖြစ်ပွားနေရာဒေသများ၌လည်း ဆန္ဒမဲခံယူ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၂၉ ရက်စွဲဖြင့် ကြေညာချက်များထုတ်ပြန်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် စသဖြင့် လွှတ်တော်အရပ်ရပ်၏ မဲဆန္ဒနယ်စာရင်းကိုလည်း ပူးတွဲဖော်ပြထားသည်။

ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ ကို တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ကြေညာခဲ့သလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုလျှင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နယ်စီ၊ မြို့နယ်တစ်မြို့နယ်လျှင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် နှစ်နယ်စီ သတ်မှတ်ကြေညာခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ( ၂၉ ) နယ် သတ်မှတ်ထားသည်။ ကချင်ပြည်နယ်လွှတ်တော်တွင် ဗမာ၊ ရှမ်း၊ လီဆူး၊ ရဝမ် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ချင်းနှင့်ရှမ်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များစသဖြင့် ပါဝင်သည်။

ဒေသလွှတ်တော်အလိုက် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်ပါဝင်မှုမှာ ကယားပြည်နယ်တွင် ဗမာ၊ ကရင်ပြည်နယ်တွင် ဗမာ၊ မွန်၊ပအိုဝ်း၊ ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ကရင်၊ မကွေးတိုင်းဒေသကြီးတွင် ချင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ရှမ်း၊ မွန်ပြည်နယ်တွင် ဗမာ၊ ကရင်၊ ပအိုဝ်း၊ ရခိုင်ပြည်နယ်တွင် ချင်း၊ ရန်ကုန်တိုင်းတွင် ကရင်နှင့် ရခိုင်၊ ရှမ်းပြည်နယ်တွင် ဗမာ၊ ကချင်၊ လီဆူး၊ လားဟူ၊ အင်းသား၊ အာခါ၊ ကယန်း(ခ)ပဒေါင်၊ ဧရာဝတီတိုင်းတွင် ကရင်နှင့် ရခိုင် စသဖြင့် အသီးသီးပါဝင်သည်။

သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၃၀) နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၆၈) နယ်၊တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၆၄၄) နယ်၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၂၉)နယ် ရှိနေသည်။

တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် သတ်မှတ်ရာတွင် တစ်မြို့နယ်လျှင် နှစ်နယ် သတ်မှတ်သည်ဆိုရာ ပြည်ထောင်စုတစ်ဝန်းတွင် မဲဆန္ဒနယ် ၆၆၀ ခု ရှိရန်ဖြစ်သော်လည်း ကော်မရှင်ကြေညာချက်တွင်မူ ၆၄၄ နယ် ဖော်ပြထားသဖြင့် ၁၆ နယ် မပါဝင်ကြောင်း တွေ့ရသည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ် မြို့နယ်အချို့၊ ကချင်ပြည်နယ် ဒေသအချို့နှင့် ရှမ်းမြောက်ဒေသတို့တွင် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်။

 

ပုံစာ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ဇွန် ၂၇ က ရန်ကုန်တွင် ကျင်းပခဲ့စဉ်။

ဓာတ်ပုံ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Facebook

ထွန်း(ဟင်္သာမီဒီယာ)

Leave a Reply