Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်အတွင်းလာရာက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ဌာနဆိုင်ရာ တချို့၏ လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာမှုများ ဖြစ်နေကြောင်း မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။။

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် ပြည်နယ် ကော်မတီကို ကုမ္ပဏီ ခြောက်ခုမှ လာရောက် ဆွေးနွေးထားပြီး၊ မြေယာ ပိုင်ဆိုင်မှုနှင့် တခြား နည်း ပြောင်းလဲ သုံးစွဲခွင့်များ ရရှိရန် သက်ဆိုင်ရာ ဌာနများတွင် သွားလျှောက်ထားရာမှ ပြန်လည် ရောက်လာခြင်း မရှိသေးကြောင်း ၎င်းကပြောသည်။

“ကော်မတီကို လာဆွေးနွေးထားတာတွေတော့ ရှိတယ်၊ သူတို့က မြေယာကို တခြားနည်း ပြောင်းလဲသုံးစွဲခွင့် ၃၀ (ခ) ရမှ အလုပ်လုပ်လို့ ရမှာဖြစ်တယ်၊ ဒီအတွက် သွားပြန်လုပ်ရင် ကျွန်တော်တို့ဆီ မရောက်လာတော့ဘူး MIC က ဘယ်လောက်ပဲ ဖြေလျော့ထားပါစေ တခြားဌာနကလည်း သူတို့ အခက်အခဲတွေကြောင့် မဖြေလျော့နိုင်တော့ ကုမ္ပဏီတွေအတွက် အခက်အခဲဖြစ်နေတယ် ”ဟု ၎င်းက ဆိုသည်။

လာရောက် ဆွေးနွေးထားသည့် ကုမ္ပဏီများသည် ရော်ဘာကဏ္ဍအတွက် လုပ်ငန်း သုံး ခု၊ ဟိုတယ် လုပ်ငန်း တစ် ခု၊ ကျောက်ထုတ်လုပ်ငန်း တစ် ခု၊ အပန်းဖြေ လုပ်ငန်း တစ်ခု တို့ဖြစ်ပြီး၊ ကုမ္ပဏီများအနေဖြင့် မြေယာ ပိုင်ဆိုင်နှင့် တခြားနည်း ပြောင်းလဲ သုံးစွဲခွင့် ရရှိလာပါက ပြည်နယ် ကော်မတီကို အမှုတွဲ ပေးပို့ပါက တစ်လအတွင်း လုပ်ကိုင် ခွင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

မွန်ပြည်နယ် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးကလည်း“ကျွန်တော်တို့ NLD အစိုးရ လက်ထက်မှာ အလုပ်လုပ်ဖို့ တအား ကြောက်လာတယ်၊ အရင်လိုလည်း ငွေတွေ ပုံပြီး အလုပ် မလုပ်ရဲတော့ဘူး၊ လုပ်ငန်း အသစ်တစ်ခုအတွက် လုပ်ကိုင်ခွင့် တင်ရင် အချိန်တော်တော်ကြာတယ်၊ ပြီးတော့ အရင် အစိုးရနဲ့ လုပ်ခဲ့တာတွေကို ဒီဘက်အစိုးရ လက်ထက်မှာ ပြန်ဖော်တာတွေ ရှိနေတယ်”ဟု ၎င်းက ဝေဖန် ပြောဆိုသည်။

မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးချန်ထွန်းကလည်း အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်၍ အလုပ်လုပ် ကိုင်နေကြရသည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး မဝေဖန်လိုသေးကြောင်း ပြောဆိုသည်။

ယင်းအခက်အခဲများကြောင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဖွဲ့စည်းပြီး လေးလကျော်အထိ ကော်မတီ၌ လာရောက် ရင်းနှီးမြှုပ်နှံသူ မရှိသေးပေ။

ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ဇူလိုင် ၇ ရက်က နိုင်ငံတော် သမ္မတမှ အတည်ပြု လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ အတွင်းရေးမှူးအဖြစ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်လွင် အပါအဝင် ခုနှစ် ဦးဖြင့် ဖွဲ့စည်းထားသည်။

မြန်မာ ရင်နှီးမြှုပ်နှံမှု ဥပဒေအရ ဒေါ်လာ ငါး သန်း အောက် လုပ်ငန်းများကို ဧပြီ ၁ ရက်နေ့မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတွင် စီမံပိုင်ခွင့်ပေးအပ်ထားသည်။ ထို့ကြောင့် ပြည်နယ် ကော်မတီအနေဖြင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမည့် ဒေါ်လာ ငါး သန်းအောက် မည်သည့် လုပ်ငန်း မဆို ဥပဒေနှင့် အညီ လုပ်ကိုင်ခွင့် ပေးအပ်နိုင်သည်။

“ကုမ္ပဏီ တော်တော်များများက လာတွေ့ထားတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဘက်က လျှပ်စစ်မီး မပေးနိုင်တော့ သူတွေအတွက်လည်း အခက်အခဲဖြစ်နေတယ်” မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောဆိုထားသည်။

မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန် စာရင်းများအရ မွန်ပြည်နယ်တွင် နိုင်ငံခြားသား ရင်းနှှီးမြှုပ်နှံမှု ကုမ္ပဏီ ၂၉ ခုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၂၇ ခု လုပ်ကိုင်လျက်ရှိသည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply