Advertisements

 

မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်အတွင်း လုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လာမည့် ခြောက်လအတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် လွှတ်တော်စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဌ ဦးအောင်ကျော်သူက ပြောကြားသည်။

ထိုသို့ စစ်ဆေးရာတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ရရှိထားသော လုပ်ငန်းများ၊ခွင့်ပြုချက်ရရှိထား သော်လည်း လုပ်ငန်း လုပ်ကိုင်ခြင်းမရှိသော လုပ်ငန်းများကိုပါ စစ်ဆေးသွားမည်ဟု ၎င်းက ပြောသည်။

ယင်းလုပ်ငန်းများအနေဖြင့် မြေပြင်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ပူးပေါင်းကာ အောက်တိုဘာလမှစတင် ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ ဒီလို စစ်ဆေးတဲ့ နေရာမှာ မြေပြင်နဲ့ ကွဲလွဲတာတွေကို အစီရင်ခံစာ တစ်စောင်ရေးသွားမယ်”ဟု ဦးအောင်ကျော်သူက ဆိုသည်။

စစ်ဆေးရာတွင်သက်ဆိုင်ရာဝန်ကြီးဌာန၊ လွှတ်တော်၊ သက်ဆိုင်ရာဦးစီးဌာန၊ ဒေသခံနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပြီး မြေပြင်တွင် ကွဲလွဲနေသောအချက်များကို ထုတ်နုတ်ကာ ၂ဝ၁၉မတ်လအတွင်း လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး လွှတ်တော်မှ အတည်ပြုချက်ရရှိပါက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့မည်ဖြစ်ပြီး၊ ဥပေဒနှင့် အညီ လုပ်ကိုင်ခြင်း မရှိသည့် လုပ်ငန်းများကို ထိရောက်စွာ အရေးယူရန် အကြံပြုသွားမည်ဟု ၎င်းက ပြောဆိုသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ ပြည်ထောင်စုက ခွင့်ပြုသော်လည်း ပြည်နယ်အတွက် အကျိုးသက်ရောက်မှု ရှိ၊ မရှိ လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ကော်မတီကတော့ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို လေ့လာသုံးသပ်နေရမယ်၊ ပြည်ထောင်စုက ခွင့်ပြုပေမယ့် ပြည်နယ်အတွက် တကယ်အကျိုးသက်ရောက်မှုရှိလားဆိုတာ သုံးသပ်ရပါမယ်”ဟု ၎င်းက ပြောသည်။

UNDP ၏ ပူးပေါင်းကူညီမှုဖြင့် ပြုလုပ်မည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး ညိနှိုင်းဆွေးနွေးမှုများ ပြီးစီးပါက ပြည်သူလူထုထံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply