ရန်ကုန်၊ အောက်တိုဘာ ၄ ။ ။ အာဆီယံဒေသတွင်းနိုင်ငံများအတွင်း မြန်မာ့စီးပွားရေး ဦးမော့လာစေရန်အတွက် ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်း ကို အမြန်ဆုံးအတည်ပြုရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြား လိုက်သည်။

man-win-khine-than

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေ နှစ်ရပ် ပြဌာန်းထား ပြီးဖြစ်သော်လည်း ယင်းဥပဒေ များတွင် အားနည်းချက်များရှိသောကြောင့် ရင်းနှီးမြုပ်နှံလိုသူများအတွက် ခိုင်မာ သော ဥပဒေတစ်ရပ် ပေါ်ထွန်း လာရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

“မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ဥပဒေကြမ်းတစ်ရပ်ဖြစ်တာကြောင့် စောလျင်စွာ အတည်ပြုပေးဖို့ လိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း နှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက်များကို ဥပဒေကြမ်းကော်မတီက လွှတ်တော် သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဥပဒေကြမ်း ကို အမြန်ဆုံးအတည်ပြုရန် လိုအပ်သည့် အကြောင်းအရာများကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံ၏ တည်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများတွင် ခွင့်ပြုမိန့်ရရန် အဆိုပြုချက်တိုင်းကို ရင်နှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြရခြင်း၊ နှစ်ရှည်မြေငှားရမ်းခွင့်အတွက် ကော်မရှင်မှခွင့်ပြုချက် ယူရခြင်း၊ နစ်နာမှုဖြေရှင်းမည့် နည်းလမ်းများ မပါရှိခြင်းနှင့် နိုင်ငံခြားငွေလွှဲ ပြောင်းနိုင်ခွင့်မှာ ငွေကြေးဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံစွာ မပါရှိကြောင်း မန်းဝင်းခိုင်သန်းကဆိုသည်။

ထို့အပြင် ဥပဒေအတွင်း ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြည့်စုံစွာ မပါရှိခြင်း၊ ပူးတွဲ တင်ပြရမည့် စာရွက်စာတမ်း အထောက်အထားများပြားခြင်း၊ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အာဏာ များပြားနေခြင်း နှင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကြောင့် တိုင်းပြည်ဘဏ္ဍာ နစ်နာခြင်း စသည့် အားနည်းချက်များ ရှိကြောင်း ၎င်းကထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကိုလည်းကောင်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်းကောင်း အသီးသီး ပြဌာန်းခဲ့ပြီးဖြစ်သည်။

သို့သော်လည်း အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံတစ်နိုင်ငံ တည်းသာ ရင်းနှီးမြုပ်နှံမှု ဥပဒေ နှစ်ရပ် ရှိသော နိုင်ငံ ဖြစ် ပြီး ဥပဒေနှစ်ရပ်မှာ ပြဌာန်းချက် အများစု ဆင်တူနေခြင်းကြောင့် ဥပဒေနှစ်ရပ် ထားရှိခြင်းထက် ၊ နှစ်ရပ်ပေါင်းပြီး ပိုမိုပြည့်စုံတဲ့ ဥပဒေတစ်ရပ် ပြဌာန်းသင့်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ ဆန်းစစ်ချက်တွင် အကြံပြုထားသည်။

Photo : MOI

Leave a Reply