ရည်ရွယ်လိုရင်းရောက်မှာလား တန်ဖိုးသင့်အိမ်ရာ

လာမည့် နှစ်လအတွင်း ကြာအင်း တန်ဖိုးသင့် အိမ်ရာများကို ရောင်းချတော့မည်ဟု အစိုးရအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

ထို့အတွက်လည်း ဈေးနှုန်း သတ်မှတ်ချက်များ ကြေညာခဲ့သည်။ ယင်းကဲ့သို့ ကြေညာ လိုက်သည်နှင့် စိတ်ဝင်တစား စုံစမ်းနေသံများကြားရ၏။

အငြိမ်းစား ဝန်ထမ်းများနှင့် အခြေခံ လူတန်းစားများအတွက် ရည်ရွယ်သည်ဆိုသော တန်ဖိုးသင့် အိမ်ရာများ မည်သူ လက်ဝယ် ရောက်မည်နည်း။

အိမ်ရာ ရောင်းချမှုများ မည်သို့သော စနစ်ဖြင့် လုပ်ဆောင်မည်နည်း၊ ယင်းကိစ္စရပ်များမှာ စိတ်ဝင်စားဖွယ်အပြည့်။

ဈေးနှုန်း သတ်မှတ်ချက်

မော်လမြိုင်မြို့နယ် ကြာအင်း ကျေးရွာတွင် တည်ဆောက်သော တန်ဖိုးသင့် ကြာအင်း အိမ်ရာ စီမံကိန်းကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အစိုးရအဖွဲ့မှ ကျပ် ၅ ဘီလီယံ ကျော် ကုန်ကျခံ တည်ဆောက်ထားသည်။

စီမံကိန်း၏ အိမ်ရာ တည်ဆောက်မှုကို အောက်တိုဘာ လကုန်ပိုင်း၌ အဆုံးသတ်နိုင်ခဲ့သည်။ ယခုအခါ ကားပါကင်နှင့် လမ်းဆောက်လုပ်မှုသာ ကျန်တော့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင် ကဆိုသည်။

အိမ်ရာတွင် ၁၆ ခန်းပါ လေးထပ်တိုက် ၁၆ လုံး အခန်းပေါင်း ၂၅၆ ခန်း ပါဝင် မည်ဖြစ်သည်။

အခန်း တည်ဆောက်မှုမှာ ယခင်အစိုးရ လက်ထက်က တည်ဆောက်ခဲ့သော သီရိမင်္ဂလာ တန်ဖိုးနည်း အိမ်ရာ ပုံစံမျိုးနှင့် မတူဘဲ အခန်း တစ်ခန်း အကျယ် စတုရန်းပေ ၆၅၀ ၊ အိပ်ခန်း ၂ ခန်း၊ အိမ်သာ ရေချိုးခန်း ၂ ခန်း တို့ပါဝင်၏။

ဈေးနှုန်း သတ်မှတ်ချက်မှာ မြေညီထပ်တွင် ကျပ်သိန်း ၂၃ဝ ၊ ပထမထပ်တွင် ကျပ်သိန်း ၂၁ဝ ၊ ဒုတိယထပ်တွင် ကျပ်သိန်း ၂ဝဝ နှင့် အပေါ်ဆုံးထပ်သည် ကျပ်သိန်း ၁၈ဝ သတ်မှတ်ထားပြီး ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။

သတိပြုစရာ နမူနာ

မော်လမြိုင်မြို့ သီရိမင်္ဂလာ ရပ်ကွက်တွင် ပြီးခဲ့သော အစိုးရ လက်ထက်က တန်ဖိုးနည်း အိမ်ရာ စီမံကိန်း တစ်ခုကို အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည်။

ထိုအိမ်ရာကို ယခုနည်းတူ အငြိမ်းစား ဝန်ထမ်း၊ ဝန်ထမ်းများနှင့် အခြေခံ လူတန်းစားအတွက်သာ ရည်ရွယ် တည်ဆောက်ခဲ့ သည်ဟု ဆိုခဲ့၏။

အိမ်ရာမှာ တိုက် ၁၄တိုက်၊ တစ်တိုက်တွင် အခန်း ၃၂ခန်း၊ အခန်းစုစုပေါင်း ၄၄၈ခန်း ပါဝင်သည်။

ရောင်းချရာတွင် လျှောက်လွှာခေါ်ယူသည့်နေ့၌ ကျပ် ၂၅သိန်း အရင်ပေးသွင်းခဲ့ရ၏။

လျှောက်လွှာတင်သူများသောကြောင့် မဲနှိုက်ရွေးကာ မဲပေါက်သူက ၂ပတ်အတွင်း ကျပ် ၂၅သိန်း ထပ်မံသွင်းရသည်။ စုစုပေါင်း ကျပ်သိန်း ၅ဝသွင်းပြီးပါက အခန်းမဲနှိုက်ပြီး မဲပေါက်သောအခန်းကို ယူရသည်။ ပေးဆောင်ရန်ကျန်ရှိသည့် ငွေများကို ၅နှစ်အတွင်း အရစ်ကျစနစ်ဖြင့် ပေးချေရသည်။

ထိုအခါ တန်ဖိုးနည်း အိမ်ခန်းများမှာ သာမန်ဝန်ထမ်းနှင့် အခြေခံလူတန်းစားတို့အတွက် ဖြစ်မလာတော့။

ယင်းအိမ်ရာတွင် အိမ်ပိုင်အဖြစ် နေထိုင်သူ ၂၅ ရာခိုင်နှုန်းခန့်သာ ရှိပြီး ကျန် ၇၅ ရာခိုင်နှုန်းမှာ အိမ်ငှားများ ဖြစ်နေသည်ဟု နေထိုင်သူများက ပြောဆိုသည်။

ထိုအခြေအနေကြောင့် ယခု ကြာအင်းအိမ်ရာ ရောင်းချမည့် ကိစ္စရပ်အတွက် သီရိမင်္ဂလာ အိမ်ရာ နေထိုင်သူ ဦးမြင့်ဝင်းက ယခုလို မှတ်ချက်ပြု၏။

“နောက်ဆုံးကျရင်တော့ သူဌေးတွေလက်ထဲပဲ ရောက်တာပဲလေ၊ ပင်စင်စားတွေအတွက်ကတော့ တစ်ခါတည်း သိန်း ၃ဝလောက်တော့ ဘယ်သွင်းနိုင်မလဲ၊ အဲလိုတစ်ပြုံထဲပေးနိုင်တဲ့ သူဌေးတွေကပဲ ဝယ်ကြတာလေ၊ သူတို့လက်ထဲပဲ ရောက်မှာသေချာတယ်” ဟု ဆိုသည်။

ထို့အပြင် ဦးမြင့်ဝင်းက “တချို့တွေက ပိုက်ဆံရှိလို့ တိုက်ခန်းတွေဝယ်တယ်၊ ပြီးရင် သူတို့ပြန်ငှားစားတယ်၊ ရောင်းတယ်လေ၊ အဲဒါကပိုမြတ်တာပေါ့၊ အိမ်ငှားထားရင်လည်း တစ်လ ရှစ်သောင်းကျော်လောက် အနည်းဆုံးရနေတယ်လေ၊ ရောင်းရင်လည်း သူတို့ဝယ်တာထက် ပိုမြတ်တယ်လေ”ဟု ပြော၏။

ဘယ်လို စိစစ် ရောင်းချမည်နည်း

ကြာအင်း တန်ဖိုးသင့် အိမ်ရာ ရောင်းချမည့် ကိစ္စရပ်အတွက် အစိုးရအဖွဲ့မှ တိကျသော အစီအစဉ် မကြားရသေး။

ထိုအခြေအနေနဲ့ပတ်သက်၍ ဝန်ကြီး ဦးမင်းကျော်လွင်ကို ဟင်္သာမီဒီယာက အောက်တိုဘာလကုန်ပိုင်း၌ သွားရောက် တွေ့ဆုံ မေးမြန်းစဉ် ၎င်းကယခုလို မှတ်ချက်ပြုထားသည်။

“အစိုးရအဖွဲ့က ပိုက်ဆံ လိုနေတာဆိုတော့ အစည်းအဝေးလည်း မထိုင်ရသေးဘူး၊ ဘယ်သူကို ဦးစားပေးမလဲဆိုတာလည်း မစဉ်းစားရသေးဘူး”ဟူ၏။

ပြည်နယ်အစိုးရတွင် ဘတ်ဂျက်လိုအပ်ချက်များရှိသောကြောင့် အရစ်ကျစနစ်ဖြင့် ရောင်းချရာ၌ ငွေအကျေမြန်မြန်ရစေရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ထွက်ပေါ်နေသောသတင်းများအရ ကြာအင်း အိမ်ရာကို အသက် ၁၈ နှစ်နှင့်အထက် မည်သူ မဆို လျှောက်ထားနိုင်ကြောင်း၊ လျှောက်လွှာ ဝယ်ယူစဉ် ကျပ် သိန်း ၃၀ ပေးဆောင်ရမည်ဟူ၏။

ယင်းနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲကိစ္စရပ်များသိရှိနိုင်ရန် နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တွင် ဝန်ကြီး ဦးမင်းကျော်လွင်အား ဟင်္သာမီဒီယာက သွားရောက် တွေ့ဆုံခဲ့သော်လည်း အစည်းအဝေး ရှိ၍ မဖြေနိုင်သေးကြောင်းသာ ကြားခဲ့ရသည်။

ထို့ကြောင့် ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံ သွားရောက် တွေ့ဆုံ မေးမြန်းသော်လည်း ဝန်ကြီး ဦးမင်းကျော်လွင် ခွင့်ပြုချက် ရမှသာ ဖြေဆိုနိုင်မည်ဟု ဆိုပြန်သည်။

မော်လမြိုင်၊ ဇေယျာသီရိရပ်ကွက်တွင် နေထိုင်သူ ကိုမျိုးမြင့်အောင်ကမူ အိမ်ရာလိုအပ်နေသော ဝန်ထမ်းများ၊ ပင်စင်စားများ၊ ပြည်သူများကို သေချာစိစစ်ကာ ရောင်းချပေးနိုင်ပါက ပိုမိုအကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားသည်။

“အရစ်ကျစနစ်နဲ့ တိုက်ခန်းတွေကို ပိုပြီးဆောက်လုပ်ပေးတယ်၊ ရောင်းပေးတာတော့ကောင်းတယ်၊ ဒါပေမယ့် တကယ့်လိုအပ်တဲ့သူတွေကို ရောင်းပေးနိုင်ရင်ပိုကောင်းမယ်၊ ဦးစားပေးသင့်တဲ့သူတွေကို သေချာစဉ်းစားစေချင်တယ်”ဟု ၎င်းက ပြောသည်။

ဘယ်လိုဖြစ်သင့်တယ်ထင်လဲ

မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကမူ ကြာအင်း တန်ဖိုးသင့် အိမ်ရာ မရောင်းခင် အချိုးအစား ခွဲခြားသင့်သည်ဟု အကြံပြုသည်။

အချိုးအစား ခွဲခြားရာတွင် အငြိမ်းစား ဝန်ထမ်းအတွက် သတ်မှတ် အခန်း အရေအတွက်၊ ဝန်ထမ်းအတွက် သတ်မှတ် အခန်း အရေအတွက်၊ အခြေခံ လူတန်းစားအတွက် သတ်မှတ် အခန်း အရေအတွက် စသဖြင့် ခွဲခြားသင့်သည်ဟု ဆိုသည်။

ထ့ိုအပြင် ရောင်းချရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းရန်နှင့် ကော်မတီကို အစိုးရမှ တာဝန်ခံသော အဖွဲ့အစည်းမျိုး ဖြစ်ရန် လိုအပ်သည့်အပြင် လုပ်ဆောင်ချက်များကို ပြန်လည် စိစစ်နိုင်ရမည်ဟု ၎င်းက ပြောသည်။

ရောင်းချရာတွင်လည်း အမှန်တကယ် နေထိုင်မှု ရှိ မရှိကို ခံဝန် ကတိ လက်မှတ်ရေးထိုးခိုင်း၍ စာချုပ်ပါ စည်းမျဉ်းအတိုင်း ဆောင်ရွက်သင့်ကြောင်းနှင့် ဝယ်သူများကိုလည်း ရောင်းချပြီးနောက်ပိုင်း စစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက အကြံပြုသည်။

ထို့အပြင် ရောင်းချသည့် စနစ်မှာ အပြီး အပြတ် ရောင်းချသော စနစ်အား ကျင့်သုံးပါက အငြိမ်းစား ဝန်ထမ်းများနှင့် လက်ရှိ ဝန်ထမ်းများအတွက် အခက်အခဲ ရှိနိုင်သဖြင့် ရောင်းချရေး စနစ်ကို အစိုးရအဖွဲ့မှ စနစ်တကျ ရေးဆွဲရန် လိုအပ်သည် ဟုလည်း ၎င်းက ဆိုသည်။

သီရိမင်္ဂလာတွင် အိမ်ငှားနေထိုင်သူ ဦးအောင်ဇော်က “ပင်စင်သမားတွေဆိုရင်လည်း လိုချင်ကြတာပဲ၊ နောက်ပြီး အိမ်ပိုင်မရှိတဲ့ ဝန်ထမ်းတွေ၊ အခြေခံလူတန်းစားတွေ လည်း လိုချင်ကြတာပဲ၊ ပိုက်ဆံစပြီးသွင်းတဲ့ အချိန်မှာ လျော့ပေးပြီး အရစ်ကျသွင်းတဲ့အခါကျရင် နည်းနည်းတိုးပြီး နှစ်ရှည်စောင့်ပေးနိုင်ရင် ပိုကောင်းတယ်” ဟု ဆို၏။

အခြေအနေအားလုံးကို ခြုံ၍ သီရိမင်္ဂလာ အိမ်ရာတွင် နေထိုင်သူ ဦးမြင့်ဝင်း၏ မှတ်ချက်ကတော့ ယခုလိုပင်။

“အမှန်အတိုင်း စိစစ်စေချင်တယ်၊ ရသင့်တယ်၊ တကယ်လိုအပ်နေတဲ့သူတွေ လက်ထဲရောက်သွားရင်တော့ ပိုကောင်းတာပေါ့၊ ပိုက်ဆံပေါလို့ ဝယ်နေတဲ့သူတွေထက် တကယ်လိုအပ်တဲ့သူတွေကို ဦးစားပေးစေချင်တယ်”ဟူ၍။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.