Advertisements

မွန်အမျိုးသားအဆင့်နိုင်ငံရေးကဏ္ဍမှာဘာတွေဆွေးနွေးနေကြသလဲ

“ရတဲ့အချိန်ရယ် အချက်အလက်တွေ ပြီးပြည့်စုံအောင် ဆွေးနွေးဖို့ကျရင်ခက်ခဲတယ်”(နိုင်ရဲဇော်)

မွန်ပြည်နယ်၊ ရေးမြို့တွင် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မေ ၄ရက်မှ ၇ရက်အထိ ကျင်းပနေသည်။ ယင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝသယံဇာတ စသည့်ကဏ္ဍ လေး ရပ်သတ်မှတ်၍ သီးခြားစီဆွေးနွေးနေကြပြီး ရလဒ်များကို စုစည်းကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှတဆင့် ၂၁ရာစုပင်လုံညီလာခံသို့တင်သွင်းရန် မူဝါဒချမှတ်ဆောင်ရွက်နေခြင်းခြင်နေခြင်းဖြစ်သည်။

အဆိုပါ ကဏ္ဍလေးရပ်အနက် နိုင်ငံရေးကဏ္ဍတွင် မေ၆ရက် နေ့လည်ပိုင်းအထိ ဆွေးနွေးနေမှုအခြေအနေ များကို မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးလည်းဖြစ်၊ ဆွေးနွေးပွဲသို့ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သူအစုအဖွဲ့မှပါဝင်တက်ရောက်နေသူတစ်ဦးလည်းဖြစ်သည့် နိုင်ရဲဇော်အား ဟင်္သာမှ တွေ့ဆုံ မေးမြန်းထားမှုအချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး။ ။ နိုင်ငံရေးက႑မှာ အခြေခံမူ (၁၀)ချက်ဆွေးနွေးတဲ့အခါ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ။ ။ တစ်ခါတစ်လေကျရင် ဘာသွားတွေ့လဲဆိုတော့ အချောမသပ်သေးတော့ အကြမ်းထည်ပုံ တွေ့ရတယ်၊ တစ်ချို့ဟာတွေက ဆွေးနွေးစရာတွေရှိတယ် ဒါလည်းကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးခွင့်ရတယ် အကြမ်းထည်ဖြစ်တဲ့အတွက် အချိန်က ဒီ(၁၀)ချက်ကို တကယ်ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးစရာတွေက အများကြီးရှိတယ်၊ သို့သော် တက်ရောက်လာတဲ့ လူတွေက ရတဲ့အချိန်ရယ် အချက်အလက်တွေ ပြီးပြည့်စုံအောင် ဆွေးနွေးဖို့ကျရင်ခက်ခဲတယ်။ အဲဒါတော့ စိန်ခေါ်မှုပေါ့။

မေး။ ။ မနေ့ကလည်းဆွေးနွေးပြီးသွားပြီဆိုေတာ့ အဓိက သူတို့တွေ ဘာကိုစိတ်ဝင်တစား ဆွေးနွေးကြလဲ။

ဖြေ။ ။ Basic Principle မှာ အခြေခံမူပေါ့နော် တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ ဒါလူမျိုးတစ်မျိုးစီရဲ့ ရနိုင်တဲ့အခွင့်အရေးတွေ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ နောက်ပြီး တိုင်းရင်းသားအခွင့်အရေးတွေ အဲ့ဒါကို အဓိက ပိုစိတ်ဝင်စားတာတွေ့ရတယ်။

မေး။ ။ ကိုယ်တိုင်ပြဌာန်းခွင့်တွေအနေနဲ့ဘာတွေများ ဖြည့်စွက်ထားတာရှိလဲ။

ဖြေ။ ။ ကိုယ်ပိုင်ပြဌာန်းခွင့်သဘောဆန်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကိုဆွဲနိုင်အောင် ကြိုးစားကြတဲ့ သဘောပါပဲ။ လွှတ်တော်၊ အစိုးရ၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ လွှတ်တော်ဆိုရင်လည်း ပြည်ထောင်စုမှာရှိတယ် ပြည်နယ်မှာရှိတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ပြဌာန်းခွင့်ရတဲ့ပုံစံမျိုး ဖြစ်အောင်တော့ ဝိုင်းကြိုးစားနေတယ်ပေါ့။

မေး။ ။ ဒီဆွေးနွေးပြီးရင် ဘယ်လိုရလဒ်မျိုးရမယ်လို့မျှော်မှန်းထားလဲ။

ဖြေ။ ။ ဒီဆွေးနွေးပွဲကတော့ နဂို သူတို့တည်ထားတဲ့အချက် (၁၀) ချက်ရှိတယ်၊ ဒီအချက် (၁၀)ချက်မှာ တက်ရောက်လာတဲ့ ပြည်သူလူထုရဲ့အမြင်တွေလည်းပါသွားတယ်၊ နဂိုသူတို့သီးသန့်ကိုယ်ပိုင်ဖွဲ့လာတဲ့ Draft အကြမ်းကိုယ်ထည်ရှိတယ်၊ အဲ့ဒီဟာကို တက်လာတဲ့ လူတွေက ဝင်ရောက်ဆွေးနွေးသွားတဲ့အခါမှာ နည်းနည်းပြောင်းလဲသွားတာတွေရှိမယ်၊ ဒါမှမဟုတ် ပြုပြင်သွားတာရှိမယ် အချို့လည်းပိုဖြည့်စွက်သွားနိုင်မယ်။

နိုင်ငံရေးကဏ္ဍတွင်ဆွေးနွေးရန်ချမှတ်ထားသော အခြေခံမူ (၁၀) ချက်

(၁) အချုပ်အခြာအာဏာ။

(၂) အမျိုးသားတန်းတူရေး။

(၃) ကိုယ်ပိုင်ပြဌာန်းခွင့်။

(၄) ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ။

(၅) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း။

(၆) ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းခွင့်။

(၇) လူနည်းစုအခွင့်အရေးအား ကာကွယ်ခြင်း။

(၈) ပါတီစုံဒီမိုကရေစီစနစ်။

(၉) ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် ကျား/မ တန်းတူရေး။

(၁၀) ဘာသာရေးကို အခြေမခံသည့်နိုင်ငံတော်။

Written by ထိုက်ထိုက်၊ ဂေထော

Advertisements
<

Leave a Reply