ရန်ကုန်၊ နိုဝင်ဘာ ၄။ ။ ရန်ကုန်မြို့တော်၏ ဆိပ်ကမ်းဧရိယာတွင် ပြည်သူလူထု အပန်းဖြေအနားယူရန်နှင့် နိုင်ငံတကာ ဧည့်သည် များ လာရောက်လည်ပတ်နိုင်ရန်အတွက် ရေနက်ဆိပ်ကမ်း စီမံကိန်းအသစ်တစ်ခု ထပ်မံအကောင်အထည်ဖော်ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်လျက်ရှိသည်။

yg-hluttaw

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် တစ်ဘက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်း အတွက် ရေနက်ဆိပ်ကမ်းတစ်ခုကို အကောင်အထည်ဖော်ရန် လျာထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ယနေ့ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အ စည်း အဝေးတွင် ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ လက်ရှိမြို့တော် ဆိပ်ကမ်း တောင်ဘက်စွန်းပင်လယ်ဝတစ်ဝိုက်မှာ အဆင့်မြင့်နိုင်ငံတကာ ရေနက်ဆိပ်ကမ်း အဖြစ် ဆောင်ရွက်ဖို့ လျာထားပါတယ်၊ ဒီရေနက်ဆိပ်ကမ်း အကောင်အထည် ပေါ်ပေါက်လာရင် မြို့သစ်စီမံ ကိန်းဟာ အလွန်အချက်အချာကျတဲ့ စီးပွားရေးဖွံ့ဖြိုးကောင်းမွန်တဲ့ မဟာဗျူဟာ ဖြစ်လာမှာပါ။ ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိမြို့တော်၏ နှစ်အလိုက် တိုး ပွားနေသည့် လူဦးရေများကို တွက်ချက်ပြီး အိမ်ရာ၊ လူနေရပ်ကွက်၊ စက်ရုံအလုပ်ရုံနှင့် အခြားစီးပွားရေး လုပ် ငန်းများ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း တိုင်းအစိုးရထံမှသိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်လျင်မြို့နယ်တွင် သီလဝါ ရေနက်ဆိပ်ကမ်းကို အကောင် အထည်ဖော်ဆောင်ရွက်ထားပြီးဖြစ်သည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းကလည်း “ ဆိပ်ကမ်းတွေ အနေနဲ့ကတော့ လိုအပ်ပါတယ်။ ရေနက်ဆိပ်ကမ်းဆောက်တာက ကောင်းတဲ့ ကိစ္စပဲ၊ နောက်ပိုင်း တိုင်းပြည်တိုးတက်လာတာနဲ့ အမျှ ပို့ကုန်သွင်းကုန် ကဏ္ဍ တိုးတက်လာမယ်။ လက်ရှိ သီလဝါကတော့ အများကြီးတိုးတက်မှုတော့ မရှိသေး ဘူးပေါ့၊ ဒါကလည်း တိုင်းပြည်စီးပွားရေး အခြေအနေနဲ့ ဆိုင်တာပေါ့လေ”ဟု မှတ်ချက်ပြုပြောကြားသည်။

Written by – ကျော်စိုးမိုး

Leave a Reply