ရန်ကုန်၊ အောက်တိုဘာ ၅ ရက်။

မြန်မာ့လက်မှုအနုပညာပစ္စည်းများကို တစ်နေရာတည်းတွင် စုံလင်စွာပြသရောင်းချနိုင်ရန် ရန်ကုန်မြို့တွင် Handicraft Center (လက်မှုအနုပညာစင်တာ) တည်ဆောက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း မြန်မာ့လက်မှုအနုပညာအသင်းမှ သိရှိရသည်။

အဆိုပါစင်တာတည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ထံ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် တင်ပြထားကြောင်း သိရသည်။

“ဒီမှာ Handicraft Center တစ်ခုလည်း လိုအပ်နေတယ်။ အဲ့ Handicraft Center ဆိုတာကလည်း နိုင်ငံတကာက ဧည့်သည်တွေလာမယ်၊ ကုန်သည်တွေလာမယ်၊ သူတို့တွေ ဝယ်မယ်။

သူတို့ဝယ်တဲ့အခါကျတော့ ရောင်းအား၊ ဝယ်အားကောင်းပြီဆိုရင် ဒီမှာတင်ဈေးကွက်ကောင်းပြီဆိုတဲ့အခါ လုပ်ငန်းတွေလည်ပတ်မယ်။ ပြပွဲတွေ ချည်းပဲ သွားတာထက်စာရင် ကိုယ်တိုင်းပြည်မှာလည်း ထိုင်ရောင်းလို့ရတဲ့အဆင့်ဖြစ်လာမယ်။ အဲဒါကြောင့် နိုင်ငံတော်ကနေ Handicraft Center တွေ မြန်မြန်အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေပါတယ်။”ဟု မြန်မာ့လက်မှုအနုပညာအသင်း ဥက္ကဌ ဦးသာဓုက ပြောသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ငွေထည်၊ ကြေးထည်နှင့် မြန်မာ့လက်မှုအနုပညာပစ္စည်းများကို နိုင်ငံတကာပြပွဲများတွင် သွားရောက်ပြသရာ၌ အဖိုးတန်ကျောက်မျက်ရတနာများ၊ ရှေးဟောင်းပစ္စည်းများမဟုတ်ပါက လွတ်လပ်စွာ သယ်ယူသွားနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

“အသင်းအနေနဲ့ကတော့ အများကြီးမလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသင်းရဲ့သဘောသဘာဝက အရှိန်ကောင်းတဲ့သူတွေကတော့ ဒါမျိုးရိုးအစဉ်အလာနဲ့ သွားကြတာပေါ့။ အခုမှစမယ့် လုပ်ငန်းရှင်လေးတွေကိုလည်း ကြီးထွားလာအောင် တာဝန်ရှိတယ်။ အဲ့အခါကျတော့ သူတို့ရပ်တည်ဖို့နေရာ လိုအပ်လာပြီ။ အရှိန်ရှိပြီးသား သူတွေကတော့ ဒီဈေးနှုန်းကြီးမြင့်နေတဲ့ အချက်အချာကျတဲ့ နေရာတွေကိုတော့ ဈေးနှုန်းကြီးကြီးနဲ့ ငှားရမ်းပြီးတော့ ဆိုင်တွေဖွင့်လို့ရတယ်။ လုပ်ငန်းသေးတဲ့သူတွေကတော့ နိုင်ငံတော်ပံ့ပိုးမှုမပါဘဲနဲ့ ရပ်တည်လို့မရဘူး။ အဲဒါက အင်မတန်အရေးကြီးတယ်။ အဲဒါကိုလည်း အသင်းကနေ အကောင်အထည်ဖော်တယ်ဆိုတာထက် နိုင်ငံတော်အစိုးရကို တောင်းဆိုပေးတာပေါ့။”ဟု ဦးသာဓုက ဆက်ပြောသည်။

လက်မှုပစ္စည်းလုပ်ငန်းများမှာ ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးလုပ်ကိုင်လျက်ရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေ သကြီးတွင် ယင်းစင်တာကို နမူနာအနေဖြင့် စတင်သွားမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှုရှိပါက ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အကောင်အထည်ဖော်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်မှုပညာလုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာန နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များက မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်မဟာဗျူဟာရေးဆွဲရန် ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

Leave a Reply