ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ကို ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ဗဟိုချက် တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းထားဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် Oxford Business Group (OBG) မှ ကိုယ်စားလှယ်အဖွဲ့တို့ မကြာသေးမီက တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့သည် ကုန်းတွင်းပိတ်တည်ရှိသော အိမ်နီးချင်းနိုင်ငံများအတွက် နိုင်ငံတကာဈေးကွက်နှင့် ဆက်သွယ်နိုင်မည့် ပင်မဝင်ပေါက်ဖြစ်ခြင်းစသည့် အားသာချက်ကို အသုံးချ၍ ရန်ကုန်မြို့အား ဖွံ့ဖြိုးတိုးတက် လာစေရန် တည်ဆောက်သွားမည်ဟု ဦးဖြိုးမင်းသိန်းက OBG ၏ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရဲ့ ရာခိုင်နှုန်း ၉၀ ခန့်ဟာ ရန်ကုန်ဆိပ်ကမ်းကနေဝင်လာတာ ဖြစ်တဲ့အတွက် ရေကြောင်းကုန်သွယ်မှုဟာအရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ဖြစ်တည်လာပါလိမ့်မယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့အား ဒေသတွင်း စီးပွားရေးလုပ်ဆောင်မှုများနှင့် သင့်တော်လျော်ညီသော အချက်အချာ မြို့တစ်မြို့ အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်ပြုလုပ်သွားမည့် တိုင်းဒေသကြီးအစိုးရ၏ မျှော်မှန်းချက်အား အကောင်ထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်မြို့နှင့် အခြားသော ဒေသများအကြား အဓိကကျသည့် လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စီမံကိန်းများ အကောင်ထည်ပေါ်လာရန်နှင့် ရန်ကုန်မြို့တွင်း ပို့ဆောင် ဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာစေရန် လိုအပ်သည်ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

“တပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းစက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာဖို့ အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖော်ဆောင်နိုင်ဖို့ ကုန်တွင်းဆိပ်ကမ်း (dry pot) နဲ့ ကုန်သိုလှောင် နိုင်တဲ့ ပမာဏတွေကို တိုးချဲ့ဖို့ လိုအပ်ပါတယ်။”ဟု ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန် နောက်ထပ် ခြေလှမ်းသစ်မှာ မြို့ပတ်ရထားစနစ် အဆင့်မြှင့်တင်ခြင်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး ကွန်ရက် စနစ်တို့ကို ဖော်ဆောင်မည်ဖြစ်ကြောင်း ရန်ကုနု်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံ လုပ်ငန်း OBG ၏ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ပတ်သက်သော ၅ ကြိမ်မြောက် အစီရင်ခံစာဖြစ်သည့် The Report : Myanmar 2018 အတွက် OBG ၏ ကိုယ်စားလှယ်များသည် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာသည် ရန်ကုန်မြို့နှင့် အခြားသော မြန်မာနိုင်ငံ၏ ဒေသများတွင် လုပ်ဆောင်နေသော အခြေခံ အဆောက်အအုံ စီမံကိန်းများ၏ တိုးတက်မှု နှုန်းများအား စာရင်းဇယားများနှင့် ဖော်ပြသွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းများသည် တောင်းဆိုမှုမြင့်မားလာသောအများ ပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများအား ဖြည့်ဆည်းပေးသွားရန်သာမက စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်များ အဖြစ်လည်း မရှိ၊ မဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Leave a Reply