Advertisements
မသန်စွမ်းအထူးသင်တန်းကျောင်းများကို သွားရောက်စစ်ဆေးရန်အတွက် ရန်ကုန်တိုင်းလွှတ်တော်တွင် ယမန်နေ့က အစည်းအဝေးလုပ်နေစဉ် (ဓာတ်ပုံ - ရန်ကုန်တိုင်းလွှတ်တော်)

ဟေမာန်ပြည့် Myanmar Now

အော်တစ်ဇင်ကလေးငယ်တစ်ဦးကို ကျောင်းဆရာနှစ်ဦးက ထိုးကြိတ်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်အတွက် ရန်ကုန်တိုင်းအတွင်းရှိ မသန်စွမ်း အထူးပညာရေးကျောင်းများကို တိုင်းလွှတ်တော်က ဦးဆောင်ကာ သွားရောက်စစ်ဆေးရန် စီစဉ်ခြင်းဖြစ်သည်။

ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် အော်တစ်ဇင်ကလေးငယ်တစ်ဦး ထိုးကြိတ်ရိုက်နှက်ခံရမှု လွန်ခဲ့သည့် နှစ်လကဖြစ်ပွားခဲ့ပြီးနောက် မသန်စွမ်း အထူးပညာရေးကျောင်းများကို လာမည့်လ ဆန်းတွင် ကွင်းဆင်းစစ်ဆေးမည်ဟု ရန်ကုန်တိုင်းလွှတ်တော်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း လွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ၊ လူမှုရေး၀န်ကြီးနှင့် တိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီး ဌာနတို့ ပါ၀င်သည့်အဖွဲ့က ဇန်နဝါရီလဆန်းတွင် အဆိုပါကျောင်းများသို့ သွားရောက်စစ်ဆေးရန် စီစဉ်နေကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးညီညီက ပြောသည်။

အော်တစ်ဇင်ကလေးများအတွက် ဖွင့်လှစ်ထားသည့် မြောက်ဒဂုံမြို့နယ်ရှိ မသန်စွမ်းအထူးသင်တန်းကျောင်း New World Therapeutic Training Center တွင်တက်ရောက်နေသည့် အသက် ၁၀ နှစ်အရွယ် အော်တစ်ဇင်ကလေးငယ်တစ်ဦးကို ကျောင်းဆရာ နှစ်ဦးက ထိုးကြိတ်ရိုက်နှက်မှု အောက်တိုဘာလက ဖြစ်ပွားခဲ့သည်။

ကလေးငယ်က ထမင်းဘူးမှောက်လိုက်သည့်အတွက် ဆရာတစ်ဦးက ထောင့်တစ်နေရာသို့ ကလေးကို ခေါ်သွားပြီး ထိုးကြိတ်ခြင်းဖြစ်ကာ ယင်းကို လုံခြုံရေးကင်မရာ မှတ်တမ်းမှတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သူဆရာနှစ်ဦးအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃(က)-၁ ဖြင့် မြောက်ဒဂုံရဲစခန်းတွင် အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက အမှုဖွင့်ထားကြောင်း ကလေးမိခင် ဒေါက်တာခန့်ခန့်၀င်းရွှေက ပြောသည်။

ယင်းပုဒ်မ ၁၀၃(က)-၁ အရ မသန်စွမ်း ကလေးများကို အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်ကြောင်း ထင်ရှားပါက ထောင်ဒဏ်ငါးနှစ်ထိ အများဆုံးချမှတ်နိုင်သည်။

ယခုလိုကွင်းဆင်းစစ်ဆေးမည့်အပေါ် ဒေါ်ခန့်ခန့်၀င်းရွှေက “မစစ်တာထက်စာရင် အခုလို ၀င်စစ်တာကတော့ ပိုကောင်းတာပေါ့” ဟု မှတ်ချက်ပြုသည်။

အရွယ်ရောက်ပြီး မသန်စွမ်းသူများအတွက် အသက်မွေး၀မ်းကျောင်း သင်တန်းများ ဖွင့်လှစ်ရေးနှင့် မသန်စွမ်း သူများ အထူးပညာရေးကျောင်းများတွင် ကျွမ်းကျင်သော ဆရာများထွက်ပေါ်လာစေရန် နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး လေ့ကျင့်သင်တန်းပေး နိုင်ရေး အတွက်လည်း အစိုးရကို တိုက်တွန်းသွားမည်ဟု ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့်စီမံ ခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်က ပြောသည်။

“(မသန်စွမ်းအထူးပညာရေးကျောင်း)တွေက register (မှတ်ပုံတင်တာ) ပြည့်ပြည့်စုံစုံမ လုပ်ကြဘူး။ ဒါကြောင့် register လုပ်ဖို့တိုက်တွန်းတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသည့် မသန်စွမ်းအထူးပညာရေး ကျောင်းအရေအတွက် ၂၀ ကျော် ရှိသော်လည်း အရေအတွက် တိတိကျကျမသိဟု ရန်ကုန်တိုင်း လူမှု၀န်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်ကေသီကျော်က ပြောသည်။

ဉာဏ်ရည်မသန်စွမ်း ကလေးငယ်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် New World Therapeutic Center အား “ရပ်နားရန်” ညွှန်ကြားထားသည်ဟု ဒေါ်ကေသီကျော်က ပြောသည်။

Leave a Reply