ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇။ ။ YBS ကားလမ်းကြောင်းရှိ ခရီးတိုစီးနှင်းမည့်ခရီးသည်များအား ဘတ်(စ်)ကားခ ငွေကျပ်(၁၀၀)ကောက်ခံရန် မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က YBS ပက်သက်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်မတို့က ပုံသေသုံးရာယူတဲ့ကားလိုင်းတွေကို နှစ်ရာပြောင်းပြီးသတ်မှတ်တာပါ။ မူလက တစ်ရာဖြတ်ပိုင်း နှစ်ရာဖြစ်ပေါင်းပေါ့နော်။ ပြီးရင်အစအဆုံးနှစ်ရာ အဲ့ဒီကားလိုင်းတွေက သူတို့ကိုပြင်ခဲ့ခြင်းမရှိပါဘူး။ ဒါကိုသူတို့က နားလည်မှုလွဲမှားပြီးနှစ်ရာကောက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်မှတ်တိုင် နှစ်မှတ်တိုင်ကို တစ်ရာပဲယူရမှာကို နှစ်ရာယူခဲ့ရင် ကျွန်မတို့စီကိုတိုင်ပါ” ဟု လျှပ်စစ် စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။

မကြာမီရက်ပိုင်းအတွင်းတွင် ယာဉ်လိုင်းအလိုက် မည်သည့်မှတ်တိုင်တွင် ယာဉ်စီးခငွေကျပ်(၁၀၀)ကောက်ခံရမည်ဟု သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

YBS စတင်ပြေးဆွဲချိန်မှစတင်၍ မည်သည့်ခရီးမဆို ပုံသေ(၂၀၀)ကျပ်ကောက်ခံသော်လည်း ယာဉ်လိုင်းအချို့မှာ ခရီးဒေသနှင့် အချိန်ပေါ်မူတည်၍ ငွေကျပ်(၃၀၀)၊ (၅၀၀) ကောက်ခံကြသည်။ ယာဉ်စီးခပိုမိုကောက်ခံသည့် ယာဉ်လိုင်းများကိုလည်း တိုင်ကြားပါက အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

ဆုမင်းကို

Leave a Reply