Advertisements

မော်လမြိုင်၊ သြဂုတ်

မွန်ပြည်နယ်အတွင်း ရေကြီး ရေလျှံမှုကြောင့် နှစ်ပတ်ကျော်ရပ်နားထားရပြီးဖြစ်သည့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်ကို သြဂုတ် ၁၅ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့အတည်ပြုသည်။

ရထားလမ်း အမြန် ပြန်ဖွင့်နိုင်ရန် ရေစားတိုက်စားခဲ့သော ဘီးလင်း-သထုံ လမ်းပိုင်းရှိ နှင်းပုလဲနှင့် ဒုံဝန်းကြား တံတားအမှတ် (၇၄)ကို ရထားအင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

“ရထားလမ်း ဖွင့်လှစ်ထားဖို့အတွက် တချို့အပိုင်းတွေကို ယာယီသဘောအနေနဲ့ ဇလီဖားတုံးတွေ ထည့်ပြီး လုပ်ဆောင်နေတယ်”ဟု ဝန်ကြီးက ဆိုသည်။

ထို့အပြင် ရထားလမ်း ယခင်အခြေအနေအတိုင်း ဖြစ်အောင်လည်း လိုအပ်သည့် အပိုင်းများကို သေချာ စိစစ်၍ အခိုင်အမာ လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းခရီးစဉ်ကို ဇူလိုင် ၂၉ ရက်မှ စတင်ကာ ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

Written by ဂေထော

Advertisements
<

Leave a Reply