Advertisements

မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေကျဆင်းမှု၊ ဒီရေတက်မှုတို့ကြောင့် ဘီးလင်းနှင့် သထုံမြို့အကြား ကားလမ်း ရေကျော်မှုသည် ၂၄ နာရီကျော် လွန်ခဲ့ပြီဖြစ်သည်။ ထို့အတူ ဒုံဝန်းနဲ့ နှင်းပုလဲကြား ရထားလမ်းရေကျော်မှု လည်းရှိနေ ပါသည်။

အဆိုပါ လမ်းပန်းဆက်သွယ်မှုအခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ည (၈) နာရီ နောက်ဆုံးရအခြေအနေများကို ဟင်္သာက စုစည်းဖော်ပြလိုက်ပါသည်။

တိုးဂိတ်ပိတ်မယ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံ၍ ကားလမ်းရေကျော်နေသော ရန်ကုန်- မော်လမြိုင်ကားလမ်းမရှိ ရွှေသံလွင် (သထုံ) လမ်းကြေးကောက်ခံဂိတ်နှင့် ကျိုက်ထိုမြို့ရှိ လမ်းကြေးကောက်ခံဂိတ်များ(မော်လမြိုင်ဖက်ခြမ်း)၌ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်သတိပေးဆိုင်းဘုတ်များ တပ်ဆင်အသိပေးထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကပြောသည်။

ယာဉ်လိုင်းများမထွက်ရ

ဇူလိုင် ၂၈ ရက် မွန်းတည့် ၁၂ နာရီအထိ မော်လမြိုင်မှ ထွက်ရှိမည့် ခရီးသည်တင်ယာဉ်များ မထွက်ရှိစေရန်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဟင်္သသို့ အသိပေးသည်။ ယင်းသည် ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံက အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း ခဲ့ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရထားနားမယ်

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွားသွန်းသဖြင့် ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မီးရထားဘူတာမှ နေ့စဉ်ပြေးဆွဲလျှက်ရှိသည့် မြန်မာ့နိုင်ငံပိုင် မီးရထားပြေးဆွဲနေမှုကို နှစ်ရက်တာ ရပ်နားသွားမည်ဖြစ်ကြောင်း မော်လမြိုင် မီးရထားဘူတာ ရုံပိုင် ဦးအောင်ဇော်လတ်က ဟင်္သာမီဒီယာသို့ အတည်ပြုသည်။

မော်လမြိုင် မီးရထားဘူတာကြီးမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်မှ နေပြည်တော်သို့ ထွက်ခွာမည့် ၁၈ အစုန်ရထား၊ နံနက် ၈ နာရီတွင် မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် ၉၀ အစုန်ရထား၊ ည ၇ နာရီခွဲတွင် မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် ၃၆ အစုန် အထူးအမြန်ရထားနှင့် မော်လမြိုင်၊ ရေး၊ ထားဝယ်သို့ ထွက်ခွာမည့် ၁၇၆ အစုန်ရထားတို့ကို နေစဉ်ပြေးဆွဲလျှက်ရှိသည်။

တပ်မတော်သား ၃ ဦးပျောက်ဆုံးနေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော တပ်မတော်သား ၇ ဦး ရေထဲမျောပါမှု ယနေ့နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး လတ်တလောမှာ ၄ ဦး ကိုကယ်တင်လိုက်နိုင်သည်။

ခလရ ၂ က တပ်မတော်သားများဖြစ်သဖြင့် သက်ဆိုင်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ရင်းထံ ဟင်္သာကမေးမြန်းသောအခါ အတည်ပြုချက်တစ်စုံတစ်ရာမရသေးသော်လည်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ ယနေ့ညပိုင်းအချိန်ပြောဆိုချက်အရ ၃ ဦးမှာ ပျောက်ဆုံးနေဆဲဟု သိရသည်။

“တပ်မတော်သား ၇ ဦးရေထဲမျှောသွားတာ ၃ ဦးကတော့ အခုထိရှာမတွေ့သေးဘူး။ ရေမကူးတတ်တဲ့ သူနှစ်ယောက်ကို ရေကူးတတ်တဲ့သူတစ်ယောက်က ဆယ်ရင်း မျှောသွားတာပါ” ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ရှင်းပြပြောဆိုသည်။

ထို့အတူ “ဘီးလင်းကနေပြီတော့ ရွှေရောင်ပြအထိ စက်လှေစီးပြီး ထွက်လာတာ မိုးတွေအရမ်းကြီးပြီး စက်လှေကအစ လမ်းပျောက်တဲ့ အနေအထားမျိုးအထိဖြစ်နေတယ်။ လမ်းမှာ လှေပျက်ပြီး သစ်ပင်ပေါ်တက်နေတဲ့ လူနှစ်ယောက်ကိုလည်း ကယ်ဆယ်ခဲ့တယ်” ဟူ၍လည်း ၎င်းကဆက်ပြောသည်။

ကယ်ဆယ်ရေး

ပြည်နယ်အစိုးရအဖွဲ့၏ ကယ်ဆယ်ရေး စက်လှေများနှင့် တပ်မတော်မှ ကယ်ဆယ်ရေးလှေများက အရေးကြီးခရီးသည်များကို ယနေ့ ညနေ ၆ နာရီအထိ ပို့ဆောင်ပေးခဲ့ပြီးနောက် ယခုအချိန်၌ လုံးဝဖြတ်သန်းခွင့် မပြုတော့ကြောင်း ဦးဘိုဘိုဝင်းက ပြောသည်။

လက်ရှိအချိန်တွင် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ သွားရောက်သည့် ခရီးသည်များကို သောက်သုံးရေ၊ အစားအသောက်များပေးဝေ၍ မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကာ လက်ရှိစာရင်းများအရ ရေဘေးသင့် ဒုက္ခသည်ပြည်သူ ၇,၀၀၀ ဦးခန့် ရှိနေပြီဟု ၎င်းကဆက်ပြောသည်။

ပြန်လည်ပို့ဆောင်

မော်လမြိုင်ဖက်အခြမ်း တွင်ပိတ်မိနေသူများထဲမှ မော်လမြိုင်သို့ပြန်လိုသူ ရှိက ပြန်နိုင်ရန် မွန်ပြည်နယ် မော်တော်ယာဉ်ထိန်းသိမ်းကြီးကြပ် မှုကော်မတီမှ မှန်လုံယာဉ် ငါးစီးဖြင့် အခမဲ့ သွား ရောက်ခေါ်ဆောင်ပေးရန် အစိုးရအဖွဲ့က ယနေ့နေ့လည်ပိုင်းတွင် စီစဉ်ပေးခဲ့သည်။

ပိတ်ဆို့နေသည့်နေရာများ

ဘုရားကြီး- မော်လမြိုင်- ထားဝယ်- ကော့သောင်းလမ်း မိုင်တိုင် ၁၂၇ / ဝ- ၁၂၉/ ၄ ၊ ၁၂၆/ ၄- ၁၂၆/ ၆ နှင့်၁၃၁/ ၁- ၁၃၁/ ၃ နေရာများတွင် ရေ (၃) ပေခန့် ကျော်တက်ခဲ့ရာ ယင်းနေရာများတွင် ကားများဖြတ်သန်း သွားလာမှု ယာယီ ပိတ်ထားပြီးရေကြောင်းပြအမှတ်သားများပြုလုပ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ယနေ့ညပိုင်း တွင် သတင်းထုတ် ပြန်ထားသည်။

နောက်ရက်များအတွက်ခန့်မှန်းချက်

လာမည့်(၂)ရက်အတွင်း မြစ်ရေဆက်လက်မြင့်တက်နိုင်ဖွယ်ရှိမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ခန့်မှန်းထားပြီး မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များအားဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း ယနေ့ညပိုင်းတွင်သတင်းထုတ်ပြန်ထားသည်။

သတင်း – ခေတ်မင်း
ဓာတ်ပုံ – လွင်ကိုကိုလတ်/မွန်ပြည်နယ်အစိုးရအဖွဲ့

Advertisements
<

Leave a Reply