မော်လမြိုင်၊ မေ

မွန်ပြည်နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၅၀ ရာခိုင်နှုန်းကျော်သည် မြေကွက်ရိုက် ရောင်းစားမှုများ ပြုလုပ်လျက်ရှိကြောင်း မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အုပ်ချုပ်ရေးမှူးတွေ မြေကွက်ရိုက် ရောင်းစားတာ ၅၀ ရာခိုင်နှုန်း ကျော်ကျော်လောက် ရှိတယ်၊ မော်လမြိုင်မြို့ပေါ်မှာတွေလည်း ရှိတယ်၊ နောက်ပြီး ကျန်တဲ့ မြို့နယ်ရဲ့ ရပ်ကွက်ကျေးရွာ တော်တော်များများမှာ လုပ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးများ မြေကွက်ရိုက်ရောင်းစားရခြင်းသည် မြန်မာနိုင်ငံတွင် မြင့်တက်လာသော မြေဈေးနှုန်းများ အပါအဝင် ရော်ဘာဈေးနှုန်း ကျဆင်းမှုကြောင့် ရော်ဘာခြံများကို အကွက်ရိုက် ရောင်းစားနေကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ မြေကွက်ရိုက် ရောင်းစားမှုများကို လက်ရှိအချိန်၌ အမြစ်ပြတ်အောင် မလုပ်ဆောင်နိုင်ပါက နောင်တက်လာမည့် အုပ်ချုပ်ရေးမှူးများသည်လည်း ယခုအတိုင်း လုပ်ဆောင်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်ကြားစာ ကော်မတီအနေဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ မြေကွက်ရိုက် ရောင်းစားမှုများကို ကွင်းဆင်း ဆောင်ရွက်၍ ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စု အဂတိကင်းရှင်းရေး ကော်မတီနှင့် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများကို အစီရင်ခံစာပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးများသည် သတ်မှတ်ထားသည့် ဥပဒေ ဘောင်မှ ကျော်လွန်ပြီး လုပ်ကိုင်မှုများ ရှိလာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက မေ ၇ ရက်၌ မော်လမြိုင်မြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် သတင်းမီဒီယာများအား ပြောဆိုထားသည်။

ကျိုက်ထိုမြို့နယ်ရှိ ကော့ထင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို မြေကွက်ရိုက် ရောင်းစားမှုဖြင့် အရေးယူထားမှုကို သင်ခန်းစာမယူဘဲ ကျန်အုပ်ချုပ်ရေးမှူးများက ထပ်မံကျူးလွန်မှုများကိုပါ တွေ့ရှိနေရခြင်းကြောင့် အကြိမ်ကြိမ် အရေးယူပေးရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အား အကြံပြုသွားမည်ဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

ယခုနှစ်တွင် မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီထံ တိုင်ကြားလာသည့် တိုင်ကြားစာပေါင်း ၁၁၆ စောင်ရှိပြီး၊ လွှတ်တော် ဥက္ကဋ္ဌက လွှဲပြောင်းပေးသည့် တိုင်ကြားစာ ၁၅၀ ကျော် ရှိနေကြောင်း ၎င်းက ပြောကြားသည်။

Written by – ဇော်ထိုက်

Leave a Reply