Advertisements

အောက်တိုဘာ ၁၃ ၊ ၂၀၁၇။

တာဝန် ထမ်းဆောင် နေဆဲ ဖြစ်သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူး များသည် ပြင်ဆင် လိုက်သည့် ရပ်/ကျေး ဥပဒေအသစ် အတိုင်း လိုက်နာ ဆောင်ရွက် ရန်သာ လိုအပ်ပြီး အားလုံး နီးပါးအား အသစ် ပြန်လည်၍ ရွေးချယ်ရမည် ဟူသည့် ညွှန်ကြား ချက်မှာ မဖြစ်သင့်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဝေဖန် ပြောဆိုသည်။

“ဥပဒေမှာ အရင် ရွေးချယ် ခဲ့တဲ့ အုပ်ချုပ်ရေးမှူး တွေကိုလည်း ပြန်လည် ရွေးချယ် ရမယ်ဆိုတဲ့ သတ်မှတ် ချက်တော့ ပြဌာန်း ထားခြင်း မရှိဘူး၊ နောက်တစ်ခုက ဥပဒေ တစ်ရပ်ရပ် ပြင်ဆင် လိုက်တိုင်း ဒီအပေါ်မှာ ဒီလိုမျိုး ပြန်လုပ် ရမယ် ဆိုတော့ မမှန်ဘူးလို့ ကျွန်တော် ယူဆတယ်”ဟု ၎င်းက ဝေဖန် ပြောဆိုသည်။

Advertisements
data-language="en"

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် တတိယ အကြိမ် ပြင်ဆင် လိုက်သည့် ရပ်/ကျေး ဥပဒေသစ် အတိုင်း အုပ်ချုပ်ရေးမှူး များအား ပြန်လည် ရွေးကောက် တင်မြှောက်ရန် သမ္မတရုံးက ညွှန်ကြား လိုက်ခြင်း အပေါ် အထက်ပါအတိုင်း ဝေဖန် ပြောဆို လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေး ကမူ အုပ်ချုပ်ရေးမှူး များ၏ သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ သက်တမ်း အတိုင်းသာ တည်ရှိ ရမည်ဟု ပါရှိသောကြောင့် ထိုအချက်အား ထောက်ရှူ့၍ ပြန်လည် ရွေးချယ် နိုင်ရန် အတွက် ညွှန်ကြားခြင်း ဖြစ်ကြောင်း ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“အဓိက ကတော့ သူရဲ့ ဥပဒေမှာ သူတို့ရဲ့ သက်တမ်းက နိုင်ငံတော် သမ္မတရဲ့ သက်တမ်း အတိုင်းလို့ ပြောထားတယ်၊ အဲဒီဟာနဲ့ အညီ ဆောင်ရွက်ဖို့ ကျွန်တော်တို့က ပြောလိုက်တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ် အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး များအား ပြန်လည် ရွေးချယ် ရာတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် စတင် တာဝန်ယူ ခဲ့သည့် နေ့မှ စ၍ ရွေးချယ် ခဲ့သော ရပ်/ကျေး အုပ်ချုပ်ရေးမှူး များကို ပြန်လည် ရွေးချယ်မည် မဟုတ်ဘဲ ၎င်းမတိုင်ခင် ရွေးချယ် ခဲ့သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူး များကိုသာ ပြန်လည် ရွေးချယ် သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက မီဒီယာများကို ပြောကြား ထားသည်။

ပြင်ဆင် လိုက်သည့် ရပ်ကျေး ဥပဒေတွင် အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရန်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်း ပေးရမည်ဖြစ်ပြီး၊ ယင်းမှ တဆင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကျေးရွာ တာဝန်ခံတို့ကို ရွေးချယ်ရမည်ဟု ဖော်ပြ ထားသည်။

ထိုအုပ်ချုပ်ရေးမှူး အားလည်း အိမ်ထောင်စု တစ်ခု၏ အသက် ၁၈ နှစ်ပြည့်ပြီးသူ သို့မဟုတ် အိမ်ထောင်ဦးစီး တစ်ဦးက မဲပေး ရွေးချယ်ခွင့် ရှိသည်ဟု ပြန်လည် ပြင်ဆင်ထားသည်။

မွန်ပြည်နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးပေါင်း ၄၆၈ ဦး ရှိနေပြီး၊ ၁၅ ဦးမှာ အဂတိ လိုက်စားမှု၊ လုပ်ထုံး လုပ်နည်း ကျော်လွန် သဖြင့် တာဝန်မှ ရပ်စဲထားကာ ယင်းအနက် ၁၀ ဦးကိုသာ သမ္မတ ဦးထင်ကျော် လက်ထက် အတွင်း ပြန်လည် ရွေးချယ် ထားသည့် သူများ ဖြစ်သည်။

သမ္မတရုံး ကမူ ပြီးခဲ့သည့် အောက်တိုဘာ ကတည်းကပင် ကျေးရွာ အုပ်ချုပ်ရေးမှူး များအား ပြန်လည် ရွေးချယ် နိုင်ရန် အတွက် ညွှန်ကြား ထားပြီး ဖြစ်ကြောင်း ဆိုထား သော်လည်း မွန်ပြည်နယ် ပေါင်မြို့နယ် တွင်းမှ ရပ်ကျေး အုပ်ချုပ်ရေးမှူး များအား ဟင်္သာမီဒီယာမှ နိုဝင်ဘာ (၁၃) ရက်နေ့တွင် မေးမြန်း ခဲ့ရာ တစ်စုံ တစ်ရာ ညွှန်ကြားချက် မရသေးကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။

ပြည်နယ် အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များအား ပြန်လည် ရွေးချယ်ရန်နှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရ အဖွဲ့၏ လုပ်ဆောင် နေမှု များအား သိရှိနိုင်ရန် အတွက် အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းအား ဟင်္သာမီဒီယာမှ ဆက်သွယ် မေးမြန်း ခဲ့ရာ တွင်လည်း “အုပ်ချုပ်ရေးမှူး များအား ပြန်လည် ရွေးချယ်ရေး အတွက် သက်ဆိုင်ရာ များနှင့် ညှိနှိုင်း တိုင်ပင် နေကြောင်းနှင့် လက်ရှိတွင် တိတိကျကျ ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ပြန်လည် ဖြေဆို ခဲ့သည်။
ထို့ပြင် တာဝန် ထမ်းဆောင် နေဆဲ ဖြစ်သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များအား မည်သည့် ဥပဒေဖြင့် အနားပေး သွားမည် ဆိုခြင်း အပေါ်လည်း လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လူများ၏ ဝေဖန်မှုလည်း မြင့်တက်လျက် ရှိနေသည်။

Written by – ဇော်ထိုက်

Leave a Reply