Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၇

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်သည့်ကိစ္စတွင် တည်ဆဲဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ခြင်း၊ ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်မပြုသင့်ခြင်းနှင့် ဥပဒေပါ လုပ်ငန်းတာဝန်များကို ကျော်လွန် လုပ်ဆောင်ခြင်း မပြုရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီက နိုဝင်ဘာ ၁၆ ရက်တွက် သဘောထား တစ်ရပ် ထုတ်ပြန် ကြေညာလိုက်သည်။

ထုတ်ပြန်ချက်တွင် အမျိုးသားလွှတ်၊ ပြည်သူ့ လွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥပဒေ၊ နည်းဥပဒေအရ ကိုယ်စားလှယ် တစ်ဦး၏ လုပ်ပိုင်ခွင့်၊ တာဝန်များကို အတိအလင်း ပြဌာန်းထားကြောင်း၊ ယခုအခါ လွှတ်တော် ကိုယ်စားလှယ် တချို့သည် ရပ်ကျေး ဥပဒေ ပုဒ်မ ၉ (ဆ) ပါ အကြံဉာဏ်ပေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများဆိုသည့် စကားထက် ကျော်လွန်၍ ဆောင်ရွက်နေကြောင်း ကြားသိရကြောင်း ဖော်ပြထားသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်တွင် အရေးပါ အရာရောက်သည့် အခြေခံကျသော အဖွဲ့အစည်းခေါင်ဆောင်းဖြစ်သည့်အတွက်ကြောင့် ထို့ပုဂ္ဂိုလ်များအား ရွေးချယ်ရာတွင် ဥပဒေနှင့် အညီ ပြည်သူ့ဆန္ဒလိုလားချက်အတိုင်း စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်သွားရဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

တဆက်တည်း ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တည်ဆဲ ဥပဒေ လုပ်ထုံလုပ်နည်းများကို ဖောက်ဖျက်၍ လူတစ်ဦး၊ အဖွဲ့အစည်း တစ်ခု၊ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးမည့် ပုဂ္ဂိုလ်အား ခန့်အပ်တာဝန်ပေးခြင်း မပြုလုပ်သင့်ကြောင်းနှင့် ဥပဒေနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သွားကြရန် တိုက်တွန်း တောင်းဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း “ကျွန်တော်တို့ သူတို့ ထုတ်ပြန်တာကို ဖတ်ရပါတယ်၊ သူတို့က General ပြောလိုက်တာ အထင်အမြင်နဲ့ပြောလိုက်တာ ဖြစ်တတယ်၊ ဘယ်လွှတ်တော် ကိုယ်စားလှယ်က ဘာလုပ်လို့ ဘယ်လိုကျူးလွန်တယ်ဆိုတာ ဒါကို မပြောဘူး၊ အဲလို ပြောရင်တော့ တိတိကျကျ အရေးယူလို့ ရတယ်၊ အခုလို General ကြီးပြောလို့ ကျွန်တော်တို့ ဘာမှတုံ့ပြန်ပြီးတော့ ပြောလို့ မရဘူး၊ တိတိကျကျပြောရင်တော့ စဉ်းစားပေးလို့ရတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းကလည်း ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် လုပ်ထုံးလုပ်နည်း ဥပဒေအတိုင်းသာ ဆောင်ရွက်သင့်ကြောင်း၊ မိမိတို သဘောထားမှာ ပါတီ၏ သဘောထားအတိုင်းသာ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply