မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၂ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းနယ်မြေ၊ သိမ်ကုန်းရပ်ကွက်၊ အောက်လမ်းမကြီးတွင် ဒုရဲအုပ်တစ်ဦး မောင်းနှင်သည့် မော်တော်ယာဉ်သည် သီရိသံလွင်တည်းခိုခန်းရှေ့တွင် ရပ်နားထားသော မော်တော်ယာဉ် တစ်စီးကို ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ၀င်ရောက်တိုက်မိသဖြင့် ဒုရဲအုပ်မောင်းသည့်ယာဉ် တိမ်းမှောက်သွားခဲ့ကြောင်း ရပ်ကွက်နေ မျက်မြင် သက်သေများထံမှ သိရသည်။
ဒုရဲအုပ်မောင်းနှင်သည့် မော်တော်ယာဉ်သည် HYUNDAI Getz အမျိုးအစားဖြစ်ပြီး သံလွင်ဟိုတယ်ဘက်ခြမ်းမှ အောက်လမ်းမကြီးအတိုင်း မောင်းနှင်လာကာ သီရိသံလွင် တည်းခိုခန်းရှေ့၌ ရပ်နားထားသော TOYOTA WISH အမျိုးအစား မော်တော်ယာဉ် အနောက်ဖက်ခြမ်းကို ၀င်တိုက်၍ လမ်းမအလယ်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိမ်ကုန်းရပ်ကွက်နေသူ ကိုကြယ်က ပြောသည်။
မော်တော်ယာဉ်တိမ်မှောက်မှုကြောင့် ယာဉ်မောင်းနှင်သူအပါအဝင် နှစ်ဦးကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း ယာဉ်တိုက်မှုဖြစ်ချိန်တွင်ရှိနေသူ ကိုလှထွန်းက ပြောဆိုသည်။
“သူတို့မောင်းလာတာ ဒလကြမ်းပဲ၊ ကျွန်တော်တို့က အသက်အန္တရာယ်စိုးရိမ်လို့ ကူပေးတာ သူတို့က ‘ငါတို့ရဲတွေကွ’ ဆိုပြီး ပြန်ပြောတယ်၊ အဲဒီနေရာကို ယာဉ်ထိန်းရဲတွေကော တခြားရဲတွေပါရောက်လာကြတယ်။ ဆေးရုံကိုမေးကြည့်တော့ ဆေးရုံမှာလည်း မရှိတော့ဘူးလို့ ကြားတယ်”ဟု ၎င်းက ထပ်မံပြောသည်။
ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ဒုရဲအုပ်အောင်ကျော်လင်း အပါအဝင် ဒဏက်ရာရသူ နှစ်ဦးသည် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူခဲ့ကြောင်း ပြင်ပလူနာဌာန လူနာမှတ်တမ်းများအရ သိရသည်။
ရပ်နားထားသော မော်တော်ယာဉ်ကို ဝင်တိုက်ခဲ့သည့် ဒုရဲအုပ်မောင်းနှင်လာသော မော်တော်ယာဉ်မှာ လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ် မော်လမြိုင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ် မေးမြန်းရာ ဂဃနဏ မသိကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ မေးမြန်းရမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှ ပြန်လည်ပြောဆိုသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ဒုရဲအုပ်မောင်းနှင်သည့် မော်တော်ယာဉ်သည် လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ်ကို မော်လမြိုင်မြို့မရဲစခန်းသို့ အတည်ပြုမေးပြန်းရာ ယင်းစခန်းမှူး ဒုရဲမှူးအောင်သန်းမြင့်အား လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ်ကို ၎င်းအနေဖြင့် ပြောဆိုခွင့်မရှိကြောင်း ပြောကြားသည်။