၁။ အာဏာရှင်စနစ်အောက်တွင် ပျက်ပြုန်းကုန်ခြင်း
အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်များစွာနေခဲ့ရသော မြန်မာနိုင်ငံတွင် တန်ဖိုးကြီးကောင်းမြတ်လှသော အများဆိုင်စနစ် စီမံခန့်ခွဲပုံများ ပျက်ယွင်းဆုံးရှုံးခဲ့ကြရပါသည်။ အထူးသဖြင့် အာဏာပိုင်နှင့် စီးပွားရေးသမားတို့ ပူးပေါင်း အမြတ်ရှာ စီးပွားရေးစနစ်အောက်တွင် ပြည်သူ့ဘဝကို ချောမွေ့စေသော အကြောင်းတရားများ ဖြတ်တောက်ခံခဲ့ကြရပါသည်။ ရပ်ရွာလူထု၏ မြစ်ချောင်းများအတွင်း အစဉ်အလာ ငါးဖမ်းပိုင်ခွင့်ကို စီးပွားရေးသမားများလက်ထဲ ပေးအပ်လိုက်၍ အခက်အခဲကြုံခဲ့ရခြင်းများ၊ စားကျက်မြေများကို အကွက်ရိုက်ရောင်းချလိုက်၍ အခက်အခဲကြုံခဲ့ရခြင်းများ၊ စားကျက်မြေများကို အကွက်ရိုက်ရောင်းချလိုက်၍ ရပ်ရွာပိုင် စိုက်ပျိုးမွေးမြူရေးဓလေ့ ခက်ခဲရခြင်းများ၊ ပန်းခြံနှင့် ကစားကွင်းများကို ဆောက်လုပ်ရေးလုပ်ငန်းများသို့ ထိုးအပ်လိုက်၍ အများဆိုင် အစိမ်းရောင်ရပ်ဝန်း ပျောက်ဆုံးကြရခြင်းများ စသည့်စသည့် အခြေအနေများကို ကြုံခဲ့ကြရပါသည်။ ရပ်ရွာပိုင် အများဆိုင်နေရာများ၊ တန်ဖိုးများ၊ ဖြစ်တည်မှုများ ပျက်စီးပျောက်ဆုံးခြင်း စာရင်းဇယားမှာ အလွန်ပင်ရှည်လျားနိုင်ပါသည်။ လက်ရှိ အကူးအပြောင်းတွင်ပင် သတိမူ ပြုပြင်ပြောင်းပြောင်းလဲခြင်း မရှိသေးပါ။

village

၂။ “သူခိုးဗျို့ သူခိုး”ဟု ဟစ်အော်ရန် လိုအပ်နေခြင်း
လွန်ခဲ့သည့် နှစ် နှစ်ဆယ်တွင်းတွင်း ခရိုနီစီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍမှာ အလွန်ကျယ်ပြန့်လာခဲ့ပါသည်။ အာဏာပိုင်များကို မိမိလိုရာ စေစားနိုင်သော ခရိုနီများသည် ရပ်ရွာပိုင်အများဆိုင် အခြေအနေများကို သိမ်းပိုက်ရယူခဲ့သည့်၊ ပျက်ယွင်းပျောက်ဆုံးစေခဲ့သည့် အဓိက တရားခံများထဲတွင် ပါဝင်ပါသည်။ အများဆိုင်ဖြစ်တည်မှုများကို အာဏာပိုင်တို့နှင့် အပေးအယူများဖြင့် သိမ်းပိုက်သွားခြင်းသည် ခိုးဝှက်လုယက်မှု ပုံသဏ္ဍာန်တစ်မျိုးသာ ဖြစ်ပါသည်။ ထိုသို့လုယက်ခံခဲ့ရသည့် ရေမြေတောတောင်များလည်း အလွန်များပြားလှပါသည်။ ကချင်ပြည်နယ်မှ နှင်းတောင်များ၊ ဟူးကောင်းတောင်ကြားမှ စိမ့်မြေများမှသည် တနင်္သာရီမှ မိုးသစ်တောများအထိ ပါဝင်ပါသည်။ ယခုအထိလည်း လုယက်သိမ်းပိုက်မှုများ ရပ်စဲခြင်းမရှိသေးပါ။
ရပ်ရွာပိုင် အများဆိုင် တန်ဖိုးများအား အတွင်းကျိတ် ရယူသိမ်းပိုက်ခြင်းများအတွက် “သူခိုးဗျို့ သူခိုး” Stop Thief ! ဟု ပြည်သူများက ဟစ်အော် သတိပေးတားဆီးရန်လိုသည်ဟု နှိုးဆော်ကြပါသည်။

၃။ ယုံကြည်မှုတည်ဆောက်ရေးနှင့် အများဆိုင်စနစ်
ရပ်ရွာပိုင်အများဆိုင်စနစ်များအား ပြိုကွဲစေသည်မှာ ယုံကြည်မှုပျက်ပြားခြင်း ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုတို့သည် ရပ်ရွာပိုင်အများဆိုင်စနစ်၏ အချက်အချာဖြစ်ကြသည်။ မိမိတို့အဖွဲ့ထဲတွင် ထိုက်သင့်သည့် တာဝန်ယူမှု မပြုကြသူများ ရှိနေသည်ဟု သံသယဝင်သောအခါ၌ (သို့မဟုတ်) ဖြည်းဖြည်းချင်း ယုံကြည်မှုပျက်ပြားသောအခါ အများပိုင်စနစ်တည်ဆောက်ရန် ခက်ခဲသည်။
ယုံကြည်မှုပျက်ယွင်းခြင်းသည် အများဆိုင်စနစ်အတွက် သာမက ပုံမှန်လူအဖွဲ့အစည်းတစ်ခု၏ ကျဆင်းမှုကိုလည်း ဖော်ပြသည်။ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များက သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ လုပ်ကိုင်ကြလိမ့်မည်ဟု ယုံကြည်မှုမထားနိုင်လျှင် လူ့အဖွဲ့အစည်း၏ ချိတ်ဆက်လည်ပတ်မှုများ ထိခိုက်ရတော့သည်။
ဈေးကွက်စီးပွားရေးစနစ် ထိုးဖောက်ဝင်ရောက်၍ အားလုံးက ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်လာကြခြင်း၊ ယဉ်ကျေးမှုနှင့် ရပ်ရွာလူမှုဘဝ အပြောင်းအလဲက တစ်သီးပုဂ္ဂလ ပိုဖြစ်လာစေခြင်းတို့ကြောင့် ယုံကြည်မှုကျဆင်းလာနေသော အခြေအနေကို ကြုံတွေ့နေရသည်။ သို့သော် ရပ်ရွာပိုင်အများဆိုင်နစ်ဖြင့် ပြန်လည် စုဝေးညှိနှိုင်းလုပ်ကိုင်ခြင်းများသည် ယုံကြည်မှုဖြစ်တည်လာရေးနှင့် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော ပြည်သူ့ဘဝကြွယ်ဝမှုများ (Social Capital)တို့ အား ကောင်းလာစေရန်အတွက် ကြီးမားစွာ အထောက်အကူပြုနိုင်သည်။
အာဏာရှင်စနစ်တွင် ပြည်သူများကြား ယုံကြည်မှုပြိုကွဲ၍ အုပ်ချုပ်ရ လွယ်ကူစေရန် စီမံကြလေ့ရှိသည့် အကြောင်းရင်းများနှင့် ဒီမိုကရေစီစနစ်၏ အခြေခံများသည် ဆွေးနွေးဖလှယ်မှုကို အခြေပြုသောကြောင့် နားလည်မှုတည်ဆောက်ရန် အထောက်အကူပြုကြောင်းကိုလည်း သတိပြုအပ်သည်။
အာဏာရှင်စနစ် စိုးမိုးမှုအောက်မှသည် ယခုအချိန်အထိ ယုံကြည်မှုပျက်ယွင်းခြင်းနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံအနေနှင့် ရပ်ရွာပိုင်အများဆိုင်စနစ်များ ပြန်လည်ထွန်းကားစေခြင်းသည် ကုစားရန် နည်းလမ်းတစ်ခုဖြစ်နိုင်ပါသည်။

၄။ အများဆိုင်စနစ်နှင့် မြန်မာပြည်သူများ၏ ဆွေးနွေးဖလှယ်ရေးလိုအပ်ချက်
အာဏာရှင်စနစ်အောက်တွင် ပြည်သူများ မစုစည်းနိုင်စေရန်အတွက် ထိတွေ့ဖလှယ်ဆက်ဆံမှုများကို အကန့်အသတ်ဖြစ်အောင် ပြုလုပ်ကြသည်။ လူစုဝေးရန် ကန့်သတ်ချက်များ၊ အစည်းအဝေးခေါ်ယူရန် ကန့်သတ်ချက်များ စသည့်တို့ဖြစ်သည်။ ထိုအခြေအနေများကြောင့် ပြည်သူတို့၏ ဆွေးနွေးဖလှယ်နိုင်မှုကျဆင်း၍ အများပူးပေါင်းစီမံခန့်ခွဲမှုဓလေ့များ ညှိုးမှိန်ကြရသည်။
လူမှုဘဝတန်ဖိုးများအားကောင်းစေရန်နှင့် နှစ်ပေါင်းများစွာတည်ရှိခဲ့သော ရပ်ရွာပိုင် အများဆိုင်စနစ်စီမံခန့်ခွဲမှု အခြေအနေများ ဖြစ်တည်လာရန် ပြည်သူတို့၏ ထိတွေ့ဖလှယ်နိုင်မှု လွတ်လပ်နေစေရမည်။

၅။ အစိုးရများ၏ အခန်းကဏ္ဍ
အစိုးရများအနေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ရန် လိုအပ်သော်လည်း စီးပွားရေးလုပ်ငန်းကြီးများက ပြည်သူ့ဘဝများအပေါ် အကြွင်းမဲ့ လွှမ်းမိုးချုပ်ကိုင်သွားမည့် အခြေအနေများကိုလည်း သတိပြုရပါမည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းကြီးများအား အကန့်အသတ်မဲ့ လုပ်ပိုင်ခွင့်များဖြင့် ရပ်ရွာပိုင် အများဆိုင် ဖြစ်တည်မှုများကို ဖျက်ဆီးခွင့်မပေးသင့်ပါ။ အစိုးရအနေနှင့် အကာအကွယ်ပေးရပါမည်။
ပမာဏကြီးမားသော အများဆိုင်ဖြစ်တည်မှုများကို အစိုးရက ဦးဆောင်ကာကွယ်ပေးရပါမည်။ ဥပမာအားဖြင့် တိုင်းပြည်၏ ဇီဝမျိုးစုံကြွယ်ဝမှု၊ သစ်တောလွှမ်းခြုံမှု၊ မြစ်ချောင်းများ စီးဆင်းနိုင်မှု ကဲ့သို့သော ကိစ္စများတွင် ဖြစ်ပါသည်။ အစိုးရက အကာအကွယ်ပေးရမည့် အခြားအခြေအနေများစွာလည်း ရှိပါသေးသည်။ အခြေခံကျသော လိုအပ်ချက်မှာ နိုင်ငံ၏ များစွာသော ဖြစ်တည်မှုများ၊ ဓလေ့ထုံးတမ်းများသည် ငွေကြေးတန်ဖိုးအားဖြင့် သတ်မှတ်၍မရနိုင် အလွန်တန်ဖိုးကြီးမားသည် ဆိုသည်ကို အုပ်ချုပ်သူအစိုးရများနှင့် မူဝါဒချမှတ်သူတို့ သဘောပေါက်ကြရန် ဖြစ်ပါသည်။
အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ လက်ဝါးရိုက်၍ အများဆိုင်ဖြစ်တည်မှုများကို သိမ်းယူသောအခါ (Enclosure) စီးပွားရေးအကျိုးရလဒ်ရှိကောင်း ရှိမည်ဖြစ်သော်လည်း လူ့အဖွဲ့အစည်းအတွင်း နစ်နာဆုံးရှုံးမှု ကြီးမားပါသည်။ မြန်မာနိုင်ငံ၏ သဘာဝရိုးမတောကြီးများသည် ဤနည်းဖြင့် ပျက်စီးခဲ့ကြရပြီး ဖြစ်ပါသည်။

၆။ အစိုးရက လက်တွေ့လုပ်ဆောင်ပေးနိုင်သည်များ
အစိုးရက ဥပဒေပိုင်းအရ၊ မူဝါဒပိုင်းအရ အထောက်အပံ့ပေးနိုင်သည့် အခြေအနေများစွာရှိသည်။ တည်ရှိပြီးဖြစ်သော အများဆိုင်စနစ် စီမံခန့်ခွဲမှုများကို အားပေးရုံသာမက ပုံသဏ္ဍာန်အသစ်များဖြင့် စုပေါင်းစီမံခန့်ခွဲမှုများ ပေါ်ထွက်လာရန် အားပေးနိုင်သည်။
အောက်ပါ နမူနာများကို ကြည့်ရှုနိုင်သည်။
(က) ရပ်ရွာပိုင်အများဆိုင်များကို ရပ်သူရွာသားတို့က စီမံခန့်ခွဲနိုင်ရန်၊ စည်ပင်တိုးပွားအောင် ဆောင်ရွက်နိုင်ရန် လိုအပ်သော လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ မူဝါဒများထုတ်ပြန်ကာ ထိန်းကျောင်းပေးခြင်းဖြင့် ရပ်ရွာအစုအဖွဲ့တို့၏ Commons ကို ရှင်သန်စေရန် ကူညီနိုင်သည်။ ဥပမာ – ဒေသအစုအဖွဲ့ပိုင် သစ်တောများ တိုးပွားလာသင့်ကြောင်း လမ်းညွှန်ပြောဆိုခြင်း၊ အစုအဖွဲ့ပိုင်သစ်တောများကို လုပ်ကိုင်ခွင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် အများပိုင် သစ်တောစနစ်ကို တရားဝင် ဖြစ်စေခဲ့ခြင်း
( ခ) တစ်နိုင်ငံလုံးအဆင့်နှင့် ပြည်နယ်အဆင့် မူဝါဒများ ချမှတ်ပြီး အများဆိုင်စနစ်များနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည်များ လုပ်ဆောင်အပ်သည်များကို တရားဝင်ဖြစ်စေခြင်း
( ဂ) အစိုးရသည် ရပ်ရွာပိုင်အများဆိုင် ရေမြေတောတောင်များ ရေရှည်တည်တံ့နိုင်ရန် ဥပဒေများ အထောက်အကူပြု အစီအမံများကို နိုင်ငံတကာ စာချုပ်များတွင် ပါဝင်ခြင်းဖြင့်လည်းကောင်း ပြည်တွင်း၌ ဥပဒေများ ပြဋ္ဌာန်းပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးနိုင်သည်။ ဥပမာ – ဌာနေတိုင်းရင်းသား အခွင့်အရေးများကို အလေးထားခြင်း။ ထိုဥပဒေများ ပြဋ္ဌာန်းပေးခြင်းဖြင့် အများဆိုင်အရင်းအမြစ်များကို ထိန်းသိမ်းနေကြသော အရပ်ဘက် လူ့အဖွဲ့အစည်းများ နိုင်ငံတကာ အဖွဲ့အစည်းများသည် ဥပဒေကြောင်းအရ အများဆိုင် စနစ်များတည်ရှိ လည်ပတ်နေခြင်းကို ခိုင်ခိုင်မာမာ အသိအမှတ်ပြု စောင့်ရှောက်နိုင်ကြမည်။ တာဝန်ယူကာကွယ်နိုင်ကြမည်ဖြစ်သည်။ ဥပမာ – မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သော အမျိုးသားမြေယာ အသုံးချမှု ပေါ်လစီမူကြမ်းတွင် ရပ်ရွာပိုင်အများဆိုင်များကို မြေယာဥပဒေအရ တရားဝင် ဖြစ်တည်ခွင့်ပေးနိုင်သည်ဟူသော အဓိပ္ပာယ်ရသည့် စာပိုဒ်များပါရှိသည်။ ဥပမာ – မြေယာအသုံးချမှု ပေါ်လစီမူကြမ်း၏ စာမျက်နှာ ၂၉ အခန်း (၇) တွင် တိုင်းရင်းသား လူမျိုးများ၏ နယ်မြေများတွင် ထွန်ယက်စိုက်ပျိုး အသုံးချနေသော မြေများနှင့် ပတ်သက်ပြီး တိုင်းရင်းသားတို့က သတ်မှတ်လိုက်နာနေသော ဘိုးစဉ်ဘောင်ဆက် ဓလေ့ထုံးတမ်း ဥပဒေများအရ မြေပိုင်ဆိုင်မှု လက်ခံရန် ဥပဒေသစ်တွင် စဉ်းစားပေးမည်ဟု ဆိုထားသည်။ သို့သော် ဓလေ့ထုံးတမ်းဥပဒေများကို မည်သို့မည်ပုံ အသိအမှတ်ပြုမည်ကိုမူ စောင့်ကြည့်ရပါဦးမည်။

Leave a Reply