၁။ “ဘုံပိုင်စနစ်၏ ပြုန်းတီးမှု” အယူအဆ အပြည့်အဝမှန်ခြင်း

ပင်လယ်ကမ်းခြေ ရွာတစ်ရွာတွင် ကမ်းစပ်မျ တူးယူရောင်းချနိုင်သော ကြက်စာ ခရုခွံသဲမြေများရှိသည်။ ပုဂ္ဂလိကပိုင် မဟုတ်ဘဲ တစ်ရွာလုံးမှ မည်သူမဆို တူးယူရောင်းချနိုင်သော အခြေအနေရှိသည်။ ထို့ကြောင့် ကိုယ်ရနိုင်သမျှရရန် အခြားသူထက် လက်ဦးရန် တူးဖော်ရောင်းချရင်း တစ်ရွာလုံးပိုင်ဆိုင်သော ကမ်းခြေပျက်ယွင်း ရသည်။ ဤအခြေအနေကို ဘုံပိုင်စနစ်၏ စိတ်မချမ်းသာဖွယ်ရာ ပျက်ယွင်းမှု အယူအဆ (Tragedy of the Commons)  ဟု ရည်ညွှန်းကြသည်။ 

ဤကဲ့သို့သော ဥပမာများကို အသုံးပြု၍ ပုဂ္ဂလိကပိုင်အဖြစ် ခွဲခြားသတ်မှတ် စီမံသည်သာ အဖြေဖြစ်သည်ဟု ရှည်ကြာစွာကပင် ပြောဆိုလာခဲ့ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စုပေါင်းစီမံမှုဟူသည် လူ၏လောဘနှင့် ကိုယ်ကျိုးစီးပွား ရှေးရှုသောသဘာဝကြောင့် ရေရှည်ဖြစ်နိုင်ခြေမရှိဟု ငြင်းချက်ထုတ်ခဲ့ကြသည်။ အမြတ်ဗဟိုပြု ဈေးကွက်စီးပွားရေးစနစ်တွင် အဓိက စွဲကိုင်ထားသော အယူအဆ တစ်ခုလည်းဖြစ်သည်။

village

သို့သော် လူ့လောဘကြောင့် ပူးပေါင်းစီမံရန်မဖြစ်နိုင်ဟူသော ဤအယူအဆသည် အခြေအနေတိုင်းတွင် မှန်ကန်သည် မဟုတ်ပေ။ အမှန်တကယ်တွင် အတ္တလောဘကို အများအကျိုးအလို့ငှာ ရေရှည် အကျိုးအလို့ငှာ ထိန်းချုပ်ကန့်သတ်ခြင်း သဘောသည်လည်း တည်ရှိနေခဲ့သည်သာဖြစ်သည်။ ထိုသို့သော သဘောထားမျိုးဖြင့် အများစုရုံးစီမံ၍ တည်ရှိခဲ့ကြသော် တန်ဖိုးနှင့် အမွေအနှစ်များက ပိုမိုများပြားလှသည်။ လူ၏ပင်ကိုယ်သဘောတွင် လောဘတွန်းအားများ သက်သေမဟုတ်ဘဲ အများအကျိုးလိုလားသော စိတ်ဓာတ်များသည်လည်း ကိန်းအောင်းမြဲ ဖြစ်သည်။ ရပ်ရွာပိုင် အများဆိုင်စနစ် (Commons) က လူ့သဘာဝ၏ အကောင်းဘက်မှ ချဉ်းကပ်၍ ဘုံပိုင်စနစ်၏ စိတ်မချမ်းသာဖွယ်ရာ ပျက်ယွင်းမှုအယူအဆ (Tragedy of the Commons) က လူ့သဘာဝကို အဆိုးဘက်မှ ချဉ်းကပ်သည်ဟု ဆိုနိုင်သည်။

၂။ အများပိုင်များကို သိမ်းပိုက်လာခြင်း (Enclosure)

ဈေးကွက်စီးပွားရေးနှင့် အရင်းရှင်စနစ် ကြီးထွားလာသည်နှင့်အမျှ နှစ်ပေါင်းများစွာ တည်တံ့ခဲ့သော အများဆိုင်ဖြစ်တည်မှုများကို ခွဲခြမ်းပိတ်ဆို့ရယူမှု (Enclosure) ပိုမိုကြီးမားလာသည်။ ရပ်ရွာလူထုကို အားပျော့စေမှု (သို့မဟုတ်) ရပ်ရွာပိုင်အများဆိုင်များကို ဈေးကွက်အဖြစ် ပြောင်းလဲခြင်းသည်သာ အဖြေဖြစ်သည်ဟု တစ်ဖက်သတ်အယူအဆ သွတ်သွင်း၍ အများဆိုင်သယံဇာတနှင့် ဖြစ်တည်မှုများကို ပုဂ္ဂလိကအကျိုးစီးပွားအတွက် သိမ်းကျုံးရယူလာကြသည်။ အာဏာပိုင်တို့၏ အကျိုးစီးပွားရှေးရှုသော မူဝါဒများ၊ အကျင့်ပျက်မှုများကြောင့် ထိုသို့သော အခြေအနေများ  ပိုမိုကြီးမားလာရသည်။ ဖိနှိပ်ချုပ်ချယ်မှုများနှင့် တရားဥပဒေမစိုးမိုးမှုများကြောင့် ရပ်ရွာလူထုမှ ခုခံကာကွယ်နိုင်စွမ်းမရှိဖြစ်ကြရသည်။

အရေးအကြီးဆုံးမှာ ရပ်ရွာပိုင် အများဆိုင်စနစ်ဟူသည်မှာ မည်သည့်အခါကမှ မတည်ရှိခဲ့လေဟန် ဆိုရှယ်လစ်စနစ်၏ အကြွင်းအကျန်ဖြစ်လေဟန်၊ ငြင်းဆန်ရမည့် အခြေအနေဖြစ်လေဟန် ပုံဖော်လာခဲ့ကြခြင်း ဖြစ်သည်။ လက်တွေ့အခြေအနေမှာ ထိုအယူအဆများနှင့် ပြောင်းပြန်ဖြစ်သည်။ ဈေးကွက်က အချိန်တိုအတွင်း ပျက်ပြုန်းစေခဲ့သော သယံဇာတများသည် ရပ်ရွာပိုင်အများဆိုင်စနစ်က ရှည်ကြာစွာကပင် ထိန်းသိမ်းခဲ့သော အရာများဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသေးသော အရင်းအမြစ် တန်ဖိုးများထိန်းသိမ်းရန်နှင့် အမြတ်ဦးတည်ပြီး အလွန်အကျွံပြုမူမှုများ လျော့ပါးရန် အများဆိုင်စနစ်ကို ယခုအခါ ပိုမိုရှည်ညွှန်းလာကြရသည်။

၃။ လူ့သဘာဝနှင့် အများဆိုင်စနစ် ဆန့်ကျင်သည်ဟု မဆိုနိုင်ခြင်း
ကိုယ်ကျိုးစီးပွား တွန်းအားများရှိသော်လည်း လက်တွဲပူးပေါင်းဆောင်ရွက်လိုခြင်း၊ အစုအဖွဲ့အသိုက်အမြုံတွင် မိမိပါဝင်သည်ဟူသော ခံစားသိမြင်မှု (Sense of Belonging) ရှိလျှင် နေပျော်ဖွယ်ဖြစ်ခြင်းတည်းဟူသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ပူးပေါင်းဆောင်ရွက်မှု အလေ့အထသည် ရှေးဦးမဆွကပင် ဖြစ်တည်ခဲ့သည်။ လူ့ယဉ်ကျေးမှုလည်း တိုးတက်လာခဲ့သည်။ လူသည်မိမိ၏ အတ္တအကျိုးစီးပွားကို ကျော်လွန်လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ခြင်းသည် စိတ်ကူးယဉ်ဆန်သည်ဟု ဆိုကြသည်များရှိသော်လည်း ကိုယ်ကျိုးမဖက်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အဖွဲ့အစည်းတို့ မြင့်တက်လာခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်နိုင်သည့် လူ့သဘာဝရှိနေသရွေ့ ရပ်ရွာအရင်းအမြစ်များ၊ ဓလေ့ထုံးတမ်းများ၊ ဘဝနေထိုင်မှုပုံစံများကို လူ့အသိုက်အမြုံများက ဝိုင်းဝန်းစီမံခန့်ခွဲနိုင်သည့် အခြေအနေ အမြဲရှိသည်ဟု ယူဆသည်။ ဈေးကွက်၏ လက်ဝါးကြီးအုပ်ခြယ်လှယ်မှု ပျူရိုကရေစီယန္တရား၏ အထက်အောက်စီမံခန့်ခွဲမှုပုံစံတို့ထက် များစွာသာလွန်၍ နေပျော်ဖွယ်ဖြစ်မည်ဟု မှတ်ယူသည်။

၄။ စီးပွားရေးလုပ်ငန်းကြီးများက ပြည်သူ့ဘဝ အရေးအရာအားလုံးကို စိုးမိုးလာခြင်း

အမြတ်ဦးတည်စီးပွားရေးစနစ် - အထူးသဖြင့် နပိုလစ်ဘရယ်ဝါဒသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အတူ လူတစ်ဦးချင်းစီ၏ အရေးအရာများ၊ ရွေးချယ်မှုများကို ဝင်ရောက်စိုးမိုးလာသည်။ ကော်ပိုရေးရှင်းကြီးများ၏ ထုတ်လုတ်မှု၊ ရောင်းချမှုများနှင့် မလွတ်ကင်းနိုင်အောင် ဖြစ်လာကြသည်။ ရလဒ်မှာ ငွေကြေးတန်ဖိုးအားဖြင့် မသတ်မှတ်နိုင်သော တန်ဖိုးများ၊ အထူးသဖြင့် အစဉ်အလာ လူ့အဖွဲ့အစည်းများမှ တန်ဖိုးများ လျင်မြန်စွာဆုံးရှုံးနေကြရခြင်းဖြစ်သည်။ ရပ်ရွာ လူ့အသိုက်အမြုံများ၏ မိမိကိုယ်ကိုသိမြင်ပုံ (Identity) လျော့ရဲလာ၍ တစ်ဦးပုဂ္ဂလ ပိုဆိုန်လာကြခြင်း၊ ရပ်ရွာလူမှုဘဝ အရင်းအမြစ် (Social Capital) တို့ ပါးလွှာလာခြင်း ဖြစ်သည်။၏
ရပ်ရွာပိုင်အများဆိုင်စနစ်ဖြင့် ယဉ်ကျေးမှုများ၊ အနုပညာများ၊ ဓလေ့ထုံးတမ်းများ ရှင်သန်စေသည့်အခါ မိမိလူ့အသိုက်အမြုံကို အလေးအမြတ်ပြု တန်ဖိုးထားစိတ်များ တိုးပွားလား၍ လူမှုအရင်းအမြစ်များ အားကောင်းစေခြင်း အကျိုးအမြတ်ကို ရရှိသည်။

၅။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တွင် အတင်းအကြပ်ပါဝင်နေကြခြင်း

ဂလိုဘယ်လိုက်ဇေးရှင်း၏ အဓိက လက္ခဏာတစ်ရပ်မှာ ယဉ်ကျေးမှုနှင့် ဘဝနေထိုင်မှုပုံစံများကို တစ်မျိုး တစ်စားတည်းဖြစ်စေခြင်း (Homogenization) ဖြစ်သည်။ ဤသို့ဖြင့် စုံလင်ကွဲပြားမှုများ ဖြည်းဖြည်းချင်း ပျောက်ကွယ်ကြရသည်။ ပို၍ဆိုးသည်မှာ နိုင်ငံရေးမူဝါဒများ၊ စီးပွားရေးမူဝါဒများအားဖြင့် ထိုလူ့အဖွဲ့အစည်းများ သီးခြားရည်တည် ရှင်သန်ခွင့်မရတော့သည့် အခြေအနေမျိုးသို့ တွန်းပို့ခံနေရခြင်း ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင် ဖြစ်စဉ်တွင် အတင်းအကြပ် ပါဝင်ကြရသည့် အခြေအနေဟု ဆိုနိုင်သည်။ ဥပမာ - စီးပွားရေးမူဝါဒများက တိုင်းရင်းသားတို့၏ အစဉ်အလာမျိုးစေ့လက်ဆင့်ကမ်းသည့် ဓလေ့ကို ကာကွယ်စောင့်ရှောက်ခြင်းမပြုဘဲ စိုက်ပျိုးရေးကုမ္ပဏီကြီးများမှ မျိုးစေ့ကို မှီခိုလာစေရန် လုပ်ဆောင်လာကြခြင်းမျိုး ဖြစ်သည်။ ဖြည်းဖြည်းချင်းအားဖြင့် လွတ်လပ်စွာရပ်တည်နေကြသော အစဉ်အလာ လူ့အဖွဲ့အစည်းများ ဈေးကွက်ယန္တရားအတွင်းသို့ လိုက်ပါဝင်ရောက် ကြရတော့သည်။

တစ်မျိုးတစ်စားတည်းစေခြင်း (တစ်နည်းအားဖြင့်) ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်သို့ အတင်းအကြပ် ဝင်ရောက်ရခြင်းသည် အစဉ်အလာလူ့အဖွဲ့အစည်းနှင့် တိုင်းရင်းသားပြည်သူများ၏ ဖြစ်တည်မှုတန်ဖိုးများအား ကျဆင်းစေခြင်းဖြစ်သည်။ ထိုအခြေအနေသည် ပြောင်းလွဲခွင့်မရှိသော ဖြစ်စဉ်မျိုးမဟုတ်ပေ။ ဂလိုဘယ်လိုက်ဇေးရှင်း၏ အချိန်အဆက်နှင့် ဖိအားများအောက်တွင်ပင် ဓလေ့ထုံတမ်းကို ထိန်းသိမ်းနိုင်ကြသည့် သာဓကများ ကမ္ဘာတစ်ဝှမ်းတွင် မြောက်မြားစွာရှိသည်။ အများဆိုင်စနစ်ပုံသဏ္ဍာန်များကို အားပေးခြငး်အားဖြင့် စုံလင်ကွဲပြားမှုများကို ဆက်လက်ဖြစ်တည်နေအောင် စွမ်းဆောင်နိုင်ကြသည်။

၆။ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးစနစ်အတွက် အများဆိုင်စနစ် ပုံသဏ္ဍာန်များ လိုအပ်ခြင်း

ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးရေး (Sustainability) ကို သုံးချောင်းထောက်ပုံသဏ္ဍာန်ဖြင့် ဖော်ပြလေ့ရှိကြသည်။ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မျှတသော လူ့အဖွဲ့အစည်းဟု ရည်ညွှန်းသည်။ အများဆိုင် စီမံခန့်ခွဲမှုစနစ်၏ ပုံသဏ္ဍာန်များသည် အထက်ပါအခြေအနေများထဲမှ သဘာဝပတ်ဝန်းကျင်နှင့် မျှတသော လူ့အဖွဲ့အစည်း ထောက်တိုင်များကို များစွာ အထောက်အကူပြုနိုင်သည်။

၇။ ပြည်သူ့ဘာဝတရားမျှတမှုနှင့် ဂေဟစနစ်ကို အကျိုးပြုခြင်း

နှစ်ဆယ်ရာစုနှောင်းပိုင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ပျက်ယွင်းမှု များပြားလာသော အခြေအနေ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုပြဿနာ ပိုမိုကြီးမားလာသော အခြေအနေတွင် ရပ်ရွာပိုင်အများဆိုင်စနစ် စီမံခန့်ခွဲမှုပုံသဏ္ဍာန်သည် ပိုမိုအရေးပါလာသည်။ ထိုစနစ်ကိုပြန်လည်ဖော်ထုတ်သော အယ်လီနာ အော့စထရွန်းသည် ၂၀ဝ၉ ခုနှစ်တွင် စီးပွားရေးဆိုင်ရာ နိုဗယ်ဆုကိုရခဲ့သည်။ ရေမြေတောတောင် သဘာဝများ ထိန်းသိမ်းရေးတွင် အများဆိုင်စနစ်၏ အကျိုးကျေးဇူးကြီးမားပုံကို ပိုမိုသိမြင်လာကြသည်။ ဈေးကွက်စီးပွားရေးနှင့် ဗဟိုချုပ်ကိုင်စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းရမှုမှာ မငြင်းကွယ်နိုင်အောင် မြင်လာရသည်။ ရပ်ရွာ၏ စီမခန့်ခွဲမှုဖြင့် ရေမြေတောတောင်သဘာဝများ ရှင်သန်ကျန်ရစ်နိုင်ကြသည့် အခြေအနေများ၊ ဥပမာများကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြရသည်။

ပြည်သူ့ဘဝတရားမျှတမှုအတွက် ရပ်ရွာဒေသ၏အခွင့်အရေးနှင့် ဖြစ်တည်မှုတို့ကို ပိုမိုကျယ်လောင်စွာ တောင်းဆိုလာကြသော အခြေအနေတွင်လည်း အများဆိုင်စနစ်၏ ပူးပေါင်းပါဝင်ဆုံးဖြတ်မှု (Participation) သဘာဝတရားများကို ရည်ညွှန်းကြရသည်။ လူ့အခွင့်အရေး၊ ပြည်သူ့ဘဝတရားမျှတမှု၊ ဂေဟစနစ် အထိအခိုက်နည်းရေးတို့အတွက် ရပ်ရွာလူထု၏ အခန်းကဏ္ဍနေရာမှ ကြည့်ရှုလုပ်ကိုင် လာကြရသည်။ ထိုအခြေအနေနှင့်အတူ ရပ်ရွာပိုင် အများဆိုင်စနစ် (Commons) ဖော်ထုတ်ဆွေးနွေးလာကြရသည်။

Leave a Reply