Advertisements

ထားဝယ် အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)ကို ထားဝယ်ခရိုင်တွင် စတင်တော့မည်ဖြစ်ရာ ကော့သောင်းနှင့် မြိတ် ခရိုင် နှစ်ခုတွင်လည်း ယခုခရီးသွားရာသီတွင် အကောင်အထည်ဖော်နိုင်အောင်ကြိုးပမ်းနေကြောင်းဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန၊တိုင်းဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။

ထားဝယ်ခရိုင်လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် လာမည့်အောက်တိုဘာ ၂၅ရက်၌ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁ရက်နေ့တွင် ခရီးသွားများကိုစတင်လက်ခံမည်ဖြစ်သည်။ ကော့သောင်းခရိုင်မကြုံဂလက်ကျေးရွာ၊မြိတ် ခရိုင်ကျွန်းစုမြို့ နယ်ဒုံးညောင်မှိုင်းကျေးရွာတို့တွင်စတင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

“ဒုံးညောင်မှိုင်းနဲ့မကြုံဂလက်က တစ်ပြိုင်နက်တည်း ဆက်လုပ်သွားမယ်၊ အတတ်နိုင်ဆုံး ဒီရာသီမှာ မီအောင်တော့ ကြိုးစားသွားမယ်” ဟု ဦးညိုအေး က ဆိုသည်။

တိုင်းအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရှေ့ပြေးစီမံကိန်းအဖြစ် CBTကိုဖော်ဆောင်ရန် တိုင်းအစိုးရအစီအစဉ်ဖြင့် ယင်းကျေးရွာ သုံးခုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထားဝယ်ခရိုင် တီဇစ်ကျေးရွာနှင့် ကလုံးထာကျေးရွာတွင်လည်းကောင်း၊ ကော့သောင်းခရိုင်တွင်လည်းကောင်း INGOအဖွဲ့အစည်းနှင့်ပေါင်းစပ်ပြီး အဆိုပါလုပ် ငန်းများဆက်လက်ဖော်ဆောင်ရန်ရှိကြောင်း ဦးညိုအေးက ပြောသည်။

ယခုဖွင့်လှစ်မည့် စမ်းလှမ်းကျေးရွာမှတစ်ဆင့် တီဇစ်လမ်းလျောက်ခရီးစဉ်၊ မြင့်မိုရ်လက်ခတ်တောင် တောင်တက်ခရီးစဉ်၊ကျွန်းဆင်း ရဲ-ပဲစင်ကျွန်းပင်လယ်ခရီးစဉ်တို့ ပါဝင်မည်ဖြစ်သည်။

ကမ်းခြေခရီးစဉ်အဖြစ် တီဇစ် -ဆင်ထောင့်-ဖိုးဖိုးကျောက်-ဆက်ဆာအော်-မြင်းခွာအော်သို့ စက်လှေ အသုံးပြု၍ သွားလာလည်ပတ်နိုင်ပြီး ပင်လယ်ကျွန်း လေ့လာရေးခရီးအဖြစ် စမ်းလှမ်းမှလောင်းလုံးဘုတ်ကျွန်းရှိ လိပ်သောင်ကြီးအော်နှင့် အုန်းပင်အော်သို့ နေ့ချင်းပြန်ခရီးသွားခွင့်ရရှိမည်ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ခရီးသွားရာသီစတင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ အောက်တိုဘာ၁၅ ရက် နံနက်ပိုင်း တွင် ကျင်းပရာ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ယမန်နှစ်က တိုင်းအတွင်းသို့ ခရီးသွားဦးရေ ၃သိန်း ၄ သောင်းကျော်ခန့် ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ယင်းလူဦးရေထက် လျော့ကျလိမ့်မည်မဟုတ်ဟု အထက်ပါဌာနက မျှော်မှန်းထားသည်။

တင့်လွင်

Leave a Reply