ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း ဒေသ ပြောင်းနိုင်ဖွယ် ရှိ

ထားဝယ် မတ် ၂၀

ကော့သောင်းမြို့နယ်တွင် ရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Base Tourism-CBT) ဆောင်ရွက်ရန် မူလ လျာထားသည့် မကြုံဂလက်ကျေးရွာရှိ နေရာမှာ ပိုင်ရှင်ရှိနေ၍ ညှိနှိုင်းနေဆဲဖြစ်ပြီး ပြေလည်မှု မရလျှင် ညောင်ဝှီးရွာတွင် ပြုလုပ်သွားရန် အစီအစဉ်ရှိနေသည်။

“ဒီလကုန်လို့မှအဆင်မပြေဘူးဆိုရင်ဆက်မစောင့်တော့ဘူး၊ဆက်စောင်နေရင်ဒေသအတွက်အကျိုးမရှိဘူး၊ဖြစ်နိုင်ချေ ရှိတဲ့ဒေသကိုလုပ်ရင် ပိုအကျိုးရှိမှာပေါ့”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။

မကြုံဂလက်ရွာရှိ နေရာ အသုံးပြုခွင့်ရရေး ပိုင်ရှင်နှင့် ညှိနှိုင်းထားသော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်း၊ ညောင်ဝှီးရွာ ဒေသခံများကို ညှိနှိုင်းရာ CBTလုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

CBTကို တနင်္သာရီတိုင်းအတွင်း ရှေ့ပြေးစီမံကိန်းအဖြစ် ကျေးရွာ၅ရွာတွင်ပြုလုပ်ရန်လျာထားပြီး၂၀၁၈ အောက်တိုဘာလတွင် ထား ဝယ်ခရိုင် လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် စတင်လုပ်ကိုင်ခဲ့သည်။ မြိတ်ခရိုင်ကျွန်းစုမြို့နယ်ဒုံးညောင်မှိုင်းကျေးရွာတွင်လည်းလုပ်ကိုင်ရန် တိုင်းအစိုးရခွင့်ပြုချက်ရရှိထားပြီး အ ဆောက်အဦဆောက်လုပ်ရန် မြိတ်ခရိုင် ခရီးသွားလုပ်ငန်း ရှင်များအသင်းမှပြင်ဆင်လျက်ရှိသည်ဟု သိရသည်။

ရွေးချယ်လျာထားသည့်ဒေသ ဒုံးညောင်မှိုင်းကျေး ရွာ၊ မကြုံဂလက်ကျေးရွာနှင့်ညောင်ဝှီးကျေးရွာများမှာ ဆ လုံလူမျိုးများနေထိုင်သည့် ကျေးရွာများဖြစ်သည်။

တိုင်းအတွင်းသို့ ထီးခီး၊ မောတောင်၊ကော့သောင်းနယ်စပ် ဝင်ပေါက်များမှတစ်ဆင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၇ခုနှစ်က၃၄၃၀၀၀ဦးကျော်၊၂၀၁၈ခုနှစ်က၃၅၈၇၅၂ဦး ရှိကြောင်း၊ယခုနှစ် အစောပိုင်းကာလတွင် တိုင်းအတွင်းရှိ ဟိုတယ် ၄၃လုံး၌ ပြည်တွင်းခရီးသည် ၂၀၁၀၆ဦး၊ နိုင်ငံခြားခရီးသည်၁၄၆၈၄ ဦး တည်းခိုခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.