Photo Credit - General Administrative Department

မော်လမြိုင် မတ်

ကျိုက်မရောမြို့နယ် ကျိုက်ပရန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာပိုင်မြေ ပေသုံးဆယ် ကြားလမ်းသွယ်ကို အကွက်ချ ရောင်းချသည်ဟု ဆိုကာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်က မတ်လ ၂၅ ရက်တွင် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးထံ လိပ်မူပြီး မိတ္တူကို မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးထံ ပေးပို့ တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ပေးသုံးဆယ် ကြားလမ်းသွယ် မြေများကို အကွက် ငါးကွက် ရောင်းချထားပြီး ရွာသားများကို အသိပေးရာ ရွာသားများက ကျေးရွာပိုင်မြေ ဖြစ်သည့်အတွက် ကန့်ကွက်ခဲ့ကြောင်း တိုင်ကြားစာတွင် ပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေစာရင်း ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများ တွေ့ဆုံစဉ်က ရွာပိုင်မြေကို မရောင်းရန်၊ မီးလောင်လျှင် မီးသတ်ကားသွားရန် လမ်းပိတ်မည်ဟု ပြောဆို၍ ကန့်ကွက်ခဲ့ကြောင်း တိုင်ကြားစာတွင် ပါရှိသည်။

ယင်းသို့ သတိပေး ကန့်ကွက်နေသည့် ကြားမှ ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးသည် ကျိုက်ပရန် ကျေးရွာအုပ်ချုပ်ရေးမှူးကို သတိပေးညွှန်ကြားခဲ့ခြင်း မရှိကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၈ ရက်က အဆိုပါ ကျေးရွာမှ ဦးအောင်စံပယ်ပါ ရွာသား ၉၂ ဦးတို့က မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။

ထို့ပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး မြေကွက်ရောင်းချမှု တိုင်ကြားထားခြင်းကိစ္စ ပြည်နယ်တွင်း ထိရောက်မှု မရှိပါက အဆင့်ဆင့် ထပ်မံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်က ထပ်လောင်းပြောကြားခဲ့သည်။

တေဇ

Leave a Reply