ရွှေရတု အထိမ်းအမှတ် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေ ထားသည့် တံဆိပ်ခေါင်း (ဓါတ်ပုံ - မိုးမခ)

နိုဝင်ဘာ ၁၃ ၊ ၂၀၁၇

နှစ်စဉ်၏ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့သည် မြန်မာနိုင်ငံ၏ အမျိုးသားနေ့ ဖြစ်သည်။ ယခုနှစ်တွင် ကျရောက်သည့် အမျိုးသားနေ့ အခမ်းအနား သည်ကား (၉၇) ကြိမ် မြောက်ပြီ ဖြစ်၍ ရာပြည့်အကြို အမျိုးသားနေ့ ဟုလည်း ဆိုရပေမည်။

ကမ္ဘာ့ နိုင်ငံ များတွင်လည်း ၎င်းတို့ နိုင်ငံများ၏ အမျိုးသား စရိုက် လက္ခဏာများ သမိုင်းကြောင်း များအား ထင်ဟပ် ဖော်ကျူး နိုင်သည့် နေ့များကို အမျိုးသားနေ့များ အဖြစ် သတ်မှတ် ပြဌာန်း တတ်ကြ ပေသည်။ အချို့ နိုင်ငံများတွင်မူ နိုင်ငံ၏ အမျိုးသား နေ့ကို တစ်ရက်ထက် ကျော်၍ သတ်မှတ် ထားတတ် ကြပေသည်။

အမျိုးသားနေ့များကို သက်ဆိုင်ရာ နိုင်ငံ အစိုးရ များမှ တရားဝင် ရံုံးပိတ်ရက် နေ့အဖြစ် သတ်မှတ် ထားတတ်ကြပြီး မြန်မာနိုင်ငံ ၌လည်း ထိုအလားတူပင် ဖြစ်သည်။
အမျိုးသားနေ့ စတင် ပေါ်ပေါက် လာရခြင်း သည်လည်း တက္ကသိုလ် ကျောင်းသား များနှင့် ဆက်စပ် ဖြစ်တည် လာခဲ့ ကြောင်းလည်း သမိုင်း အထောက် အထား များက ညွှန်ပြ နေလေသည်။

သမိုင်း ထဲက အမျိုးသားနေ့ ဖြစ်တည်ပုံ

၁၉၂၀ ခုနှစ် ဝန်းကျင်တွင် ထိုစဉ်က မြန်မာ နိုင်ငံကို အုပ်စိုး နေသည့် ဗြိတိသျှ နယ်ချဲ့ အစိုးရက ပညာရေး ဌာန တစ်ခု ဖွင့်လှစ်ကာ ၎င်းတို့ ရေးဆွဲ ထားသည့် ပညာရေး ဥပဒေ ယူနီဗာစီတီ အက်ဥပဒေအား ပြဌာန်းရန် လုပ်ဆောင် ခဲ့သည်။

ထိုဥပဒေသည် ငွေကြေး ချမ်းသာသည့် လူနည်းစုများ၊ လူကုံထံ အသိုင်းအဝိုင်းနှင့် ကိုလိုနီ အုပ်ချုပ်ရေး ယန္တယား၏ အစိုးရ ခေါင်းဆောင် များနှင့် ဆက်စပ် သူများ ကိုသာ တက္ကသိုလ် ပညာ သင်ကြားခွင့် ရရန် ရေးဆွဲ ထားသည့် တက္ကသိုလ် ပညာရေး ဥပဒေ ဖြစ်နေ သောကြောင့် မြန်မာ တက္ကသိုလ် ကျောင်းသားများ စတင် ကန့်ကွက် ခဲ့ကြသည်။

တက္ကသိုလ် ဥပဒေ ထဲတွင်လည်း ကျောင်းခန်း အတွင်း ရှူးဖိနပ်သာ စီးခွင့်ပြု၍ မြန်မာ ညှပ်ဖိနပ် စီးခွင့် မပြုခြင်း၊ ကျောင်းပရဝုဏ် အတွင်း၌ မြန်မာ ဘာသာ များဖြင့် ရေးသား ထုတ်ဝေ ထားသော သတင်းစာများ ဖတ်ခွင့် မပြုခြင်း စသည့် ကန့်သတ်ချက်များ အပါအဝင် မြန်မာ တက္ကသိုလ် ကောလိပ် ကျောင်းသား များအား ခွဲခြား ဖိနှိပ်သည့် အချက်များ အပေါ် မြန်မာ ကျောင်းသား များက အပြင်းအထန် ကန့်ကွက် ကြသည်။

ထိုဥဒေ အရလည်း မြန်မာ့ မြေပေါ် ရှေး အစဉ် အဆက် နှစ်ပေါင်း ရာချီ နေထိုင် လာခဲ့ကြသည့် မြန်မာ လူမျိုးများ၊ လက်လုပ် လက်စားများ၊ လယ်သမား သားသမီး များအတွက် တက္ကသိုလ် ပညာ သင်ကြား နိုင်ရေးကို ကန့်သတ် ထားသကဲ့သို့ ဖြစ်နေ ပြန်သည်။

တက္ကသိုလ်ပညာရေး ဥပဒေအား တက္ကသိုလ် ကျောင်းသား စတင် သပိတ်မှောက်ရန် ရွှေတိဂုံ ဘုရားပေါ်၌ စုဝေး၍ တည်ထား ခဲ့သော အမျိုးသာေးန့ အထိမ်းအမှတ် ကျောက်တိုင် (ဓါတ်ပုံ – Getsuyooi)

ကန့်ကွက်မှုများ ကြားက ပင်လျှင် ထိုတက္ကသိုလ် ပညာရေး ဥပဒေ အား ၁၉၂၀ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အင်္ဂလိပ် အစိုးရက အတည်ပြုခဲ့ရာမှ ရန်ကုန် ကောလိပ် ကျောင်းသား (၁၁) ဦးတို့ ဦးဆောင်၍ ရွှေတိဂုံ ကုန်းတော် ပေါ်၌ ဒီဇင်ဘာလ (၃) ရက်နေ့တွင် စတင် စုဝေး ခဲ့ကြပြီး ဥပဒေကို သပိတ်မှောက်ရန် ပြင်ဆင် ခဲ့ကြသည်။

ဆက်လက်၍ အခြား တက္ကသိုလ် ကောလိပ်များနှင့် ထပ်မံ ချိတ်ဆက် ခဲ့ပြီး ဒီဇင်ဘာလ (၅) ရက်နေ့တွင် အင်္ဂလိပ် အစိုးရ၏ ယူနီဗာစီတီအက်ခေါ် တက္ကသိုလ် ပညာရေး ဥပဒေအား ကျောင်းသားများ စတင် သပိတ်မှောက် ခဲ့ကြသည်။

ထိုနေ့သည် မြန်မာ တို့၏ အမျိုးသားရေး စိတ်ဓါတ်နှင့် ဇာတိ၊ ဥပဓိ လက္ခဏာ အတွက် တောင်းဆို တိုက်ပွဲဝင် ခဲ့သည့် နေ့ဖြစ်သည့် အလျောက် အမျိုးသားနေ့ဟု သတ်မှတ် ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော်ကားလည်း လွယ်လွယ်နှင့် သတ်မှတ် ခံခဲ့ရခြင်း မဟုတ်ပေ။

၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ ၂၄ ရက်အထိ မန္တလေးမြို့တွင် ကျင်းပ ခဲ့သည့် ဂျီစီဘီအေ အသင်းကြီး၏ နဝမ အကြိမ်မြောက် နိုင်ငံလုံး ဆိုင်ရာ ညီလာခံ၌ ဦးဥတ္တမ ထောင်ကျသောနေ့ ၊ သီပေါမင်း ပါတော်မူသောနေ့ စသော မြန်မာ နိုင်ငံနှင့် သက်ဆိုင်ခဲ့သည့် နေ့ရက်များကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် အကြိတ်အနယ် တင်ပြ ဆွေးနွေး ခဲ့ပြီး နောက်တွင်မှ တက္ကသိုလ် ကျောင်းသားများ၏ သပိတ်စတင် မှောက်သည့် နေ့အား အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် သဘောတူညီ ခဲ့ကြသည်။

အမျိုးသား စိတ်ဓါတ်နှင့် ပကတိ အရှိတရား

မြန်မာနိုင်ငံ အတွက် အမျိုးသား စိတ်ဓါတ်ဟု ဆိုရပါမူ ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု၊ မတူညီသည့် ဆင်းသက်ပုံ သမိုင်းကြောင်း၊ လူများစု ဗမာနှင့် လူနည်းစု တိုင်းရင်းသား လူမျိုးတို့ အကြား “အမျိုးသား” ဆိုသည့် ဝေါဟာရ ဆိုင်ရာ အငြင်းပွားမှု တို့မှာ ရာစု အတော်ကြာသည့်တိုင် ဖြေရှင်း ညှိနှိုုင်း နေရဆဲ ပြဿနာရပ် ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသား ဟူသည့် ဝေါဟာရ အတွင်း၌ပင် “ဗမာ” သည် တိုင်းရင်းသား လူမျိုး တစ်မျိုး အဖြစ် ပါဝင်ပြီး ဖြစ်သည်ဟု ယူဆသူ ၊ မယူဆနိုင်သူ ၊ လက်ခံသူ လက်မခံသူ များရှိနေခြင်း ကလည်း “အမျိုးသား” ဟူသည့် စံသတ်မှတ်ချက် တစ်ခုအား အပြည်ု့အဝ မဖော်ဆောင် နိုင်သေးသည်ကို ထောက်ပြ နေခြင်း ဖြစ်သည်။

သို့သော်လည်း ယနေ့တွင် ကျရောက် ခဲ့သော (၉၇) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတမှ ပေးပို့သော သဝဏ်လွှာ ၌မူ အမျိုးသားနေ့ ဦးတည်ချက် အဖြစ် – ပြည်ထောင်စု စိတ်ဓါတ် ရှင်သန် ထက်မြက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ရေး ၊ တိုင်းရင်းသား အားလုံး ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် ဦးတည်ချက်များ ထည့်သွင်း ဖော်ပြ ထားသည်ကို ကြိုဆို ဖွယ်ရာ မြင်တွေ့ခဲ့ ရသည်။

နိုင်ငံ တစ်ခုတည်းတွင် အတူတကွ ကာလရှည်ကြာ လက်တွဲ နေထိုင် ခဲ့ကြသော်လည်း လူများစု ဗမာ လူမျိုးများထက် အမြဲတစေ တစ်ဆင့် နိမ့်ရသည် ဟူသည့် ခံစားချက်များ ရှိနေခဲ့သည့် တိုင်းရင်းသား လူမျိုးစုများ အတွက် သမ္မတ၏ အမျိုးသားနေ့ သဝဏ်လွှာ တွင်းမှ စကားလုံးများကား ဝမ်းသာ ပီတိ ဖြစ်စရာဟု ဆိုရ ပေမည်။

သို့သော်ငြားလည်း သကာဖုံးသည့် စကားလုံး သက်သက် သဏ္ဍာန် မဟုတ်ပဲ ပကတိ ရည်မှန်းချက်နှင့် ထိုသို့ တစ်ကယ် သက်ဝင်လာအောင် ဖော်ဆောင် နိုင်ရန်ကား အစိုးရ၏ ကြီးလေးသော တာဝန် တစ်ရပ် ဖြစ်ပေသည်။

အစွန်းရောက်သော အမျိုးသားရေး အမြင်များကို ဗမာနှင့် တိုင်းရင်းသားများ နှစ်ဖက် စလုံးတို့က ခဝါချ၍ မြန်မာ နိုင်ငံအတွက်၊ မိမိတို့ တစ်အူ တုံ့ဆင်း မောင်နှမ ရင်းခြာပမာ ချစ်ကြည်စွာ ယှဉ်တွဲ နေထိုင်၍ မျှော်မှန်း ထားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆီသို့ ရှေးရှူ့ နိုင်ရေး ဆိုသည်၌မူ နားလည်မှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှု စသည့် စိတ်ကောင်း စေတနာမွန်များဖြင့် တည်ဆောက် ရမည် ဖြစ်သည်။

တိုင်းရင်းသား လူမျိုးတိုင်း၏ အမျိုးသား စရိုက် လက္ခဏာ များအား ဖော်ထုတ်ခွင့် ရရေး၊ အသိအမှတ် ပြုပေး နိုင်ရေးနှင့် တန်းတူ ညီမျှ ယှဉ်တွဲ နေထိုင်ရေး အတွက် ရည်မျှော်၍ အမျိုးသားနေ့၏ အမျိုးသားရေး စိတ်ဓါတ်သည် တိုင်းရင်းသား အားလုံးက လက်ခံ နိုင်စေသည့် အခင်းအကျင်း ဖြစ်စေရန် ရည်မျှော်သင့်ကြောင်း —- ။

Written by – ဟင်္သာမီဒီယာ

Leave a Reply