မော်လမြိုင် ၊ဖေဖော်ဝါရီ ၂၄ ။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ် မုဒုံဦးကျေးရွာတွင်ရှိသော ရာဘာစက်ရုံများမှထွက်ရှိလာသည့် စက်ရုံအညစ် အကြေးစွန့်ပစ်ပစ္စည်းများ နှင့် အနံ့ဆိုးများကြောင့် စက်ရုံအနီး ပတ်ဝန်းကျင်တွင် နေထိုင်သော ဒေသခံများ ကျန်းမာ ရေး ထိခိုက်မှု နှင့် စိတ်အနှောက်အယှက်ဖြစ်နေကြောင်း မုဒုံဦးကျေးရွာဒေသခံ များကပြောကြား သည်။

“ အခုဆိုရင် ခေါင်းမူးခေါင်းကိုက်တွေဖြစ်ကုန်ပြီ၊ အနံ့ကအရမ်းဆိုးလို့ နှာခေါင်းထဲကို ကွမ်းရွက်၊မာလကာရွက် တွေထည့်ပြီးနေ နေရတယ်၊ စက်ရုံစွန့်ပစ်ရေအနံ့ကြောင့် ထမင်းတောင်ကောင်းကောင်းစားလို့မရဘူး၊ ဒီကိစ္စကို ဘယ်ကိုတိုင် ရမလဲ မသိဘူး၊ တိုင်လဲမတိုင်ရဲပါဘူး”ဟု ဒေါ်ရင်လှကပြောသည်။

စက်ရုံမှထွက်ရှိသောစွန့်ပစ်အညစ်အကြေးများကို ရွာတွင်းရှိချောင်းမှတစ်ဆင့်စွန့်ပစ်သောကြောင့် ချောင်းရေ များ ကိုသုံးစွဲနေသည့် ဒေသခံများ၏ အရေပြား ယားယံခြင်းများဖြစ်ပွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

မုဒုံဦးကျေးရွာတွင် ရာဘာစက်ရုံ နှစ်ရုံအပြင် အရက်ချက်စက်ရုံ တစ်ရုံတို့မှ စွန့်ပစ်ပစ္စည်းများကို ချောင်းတစ်ခုထဲသို့ စုပုံ၍စွန့်ပစ်ကြသဖြင့် ညစ်ညမ်းမှုများ ပိုမိုဖြစ်ပေါ်လာကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ချောင်းရေညစ်ပတ်သွားတော့ ခြင်တွေပေါက်လို့ စက်ရုံက ဒေသခံတွေအတွက် ခြင်ထောင်တွေပေးတယ်၊ ဒါပေမဲ့ စက်ရုံကထွက်တဲ့အန့ံကြောင့်ရောဂါတွေဖြစ်မှာ စိုးရိမ်ပေမယ့် ဘယ်သူမှမတိုင်ရဲကြပဲ ငြိမ်ခံနေရ တယ်” ဟု မုဒုံဦးကျေးရွာဒေသခံတစ်ဦးကပြောသည်။

ရာဘာတွင် မူလကပင် ပင်ကိုအနံ့ရှိပြီးယခုလက်ရှိတွင် မြေအောက်မှအနံ့ထုတ်လွှတ်သောစနစ်ကိုအသုံးပြုထား ကာ ထိုမှ Side effect(ဘေးထွက်ဆိုးကျိုး) မရှိသော်လည်း ဒေသခံများကပြောဆိုမှုများရှိလာလျှင်စက်ရုံ အနေဖြင့် ဒေသခံများအဆင်ပြေစေရန်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ဖူရှင်းရာဘာပြားစက်ရုံမှူး ဦးဝင်းတင်ကို က ပြောသည်။

“ ဖူးရှင်းစက်ရုံအနေနဲ့ကတော့ အခုနိုင်ငံခြားကလာတဲ့ပညာရှင်တွေနဲ့ ပူးပေါင်းပြီး AirPollution (လေထု ညစ်ညမ်းမှု) ၊Water Pollution(ရေထုညစ်ညမ်းမှု) တွေနည်းပါးပြီး ပတ်ဝန်းကျင်ကလက်ခံလာ အောင်လုပ် ပေးသွားပါမယ်” ဟု ဦးဝင်းတင်ကိုကပြောသည်။

ဖူးရှင်းစက်ရုံအနေဖြင့် လာမည့်နှစ်တွင်နိုင်ငံတကာမှအဆင့်မြင့်နည်းပညာများကိုအသုံးပြုကာ အညစ်အကြေး နှင့် အနံ့ဆိုးများပပျောက်သွားရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးဝင်းကိုတင်က ဟင်္သာမီဒီယာသို့ ပြောသည်။

Leave a Reply