ရာဘာဈေးနှုန်းများ မြင့်တက်လာသော်လည်း လက်ရှိပေါက်ဈေးအရ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ လုပ်သား ငှားရမ်းလုပ်ကိုင်ရန် အဆင်မပြေနိုင်သေးကြောင်း မွန်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောကြားသည်။

rubber

မွန်ပြည်နယ်၏ ရော်ဘာဈေးနှုန်းမှာ အောက်တိုဘာ ၃၁ ရက်နေ့တွင် ရော်ဘာတစ်ပေါင်လျင် ငွေ ၇၈၀ ကျပ် ကျော်မှ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရော်ဘာပေါက်ဈေး တစ်ပေါင်လျှင် ၈၆၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း မော်လမြိုင်မြို့ ရော်ဘာအဝယ်ဒိုင်များထံမှ သိရသည်။

“တစ်ထောင်ဝန်းကျင်လောက်မှပဲ၊ ရာခိုင်နှုန်းနဲ့ ပေးရတဲ့ဟာတွေပေါ့။ အလုပ်သမားတွေ အတွက်လည်း ကိုက်မယ်။ ခြံရှင်တွေအတွက်လည်း ကိုက်မယ်”ဟု ရော်ဘာခြံပိုင်ရှင်တစ်ဦးလည်းဖြစ်သူ နိုင်ကျန်ရစ်က ဆိုသည်။

ရော်ဘာသည် စက်မှုကုန်ကြမ်း ပစ္စည်းများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သောကြောင့် စက်မှုစီးပွားနှင့် သက်ဆိုင်သောနိုင်ငံများ စီးပွားရေး ကောင်းမွန်လာပါက ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများလည်း အထိုက် အလျှာက် အကျိုးခံစားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ ရော်ဘာပေါက်ဈေးမှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် လုပ်ငန်းခွင် လည်ပတ်နိုင်ရုံသာ ရှိနေသေးကြောင်း အမှန်တကယ် လိုအပ်နေသော ဈေးနှုန်းသို့ မရောက်ရှိသေးကြောင်း မော်လမြိုင်မြို့ ခြောက်မိုင်ရပ်ကွက်ရှိ ရော်ဘာအဝယ်ဒိုင် ဦးတင်မောင်ချိုက ပြောသည်။

“လုပ်သားတွေ ရှားပါလာတဲ့အပေါ်မှာ ဒီဈေးနဲ့ဆိုရင် အဆင်မပြေနိုင်သေးဘူး။ ၁၀ဝ၀ လောက်ဆိုရင်တော့ ပိုက်ဆံ ပိုသုံးနိုင်မယ်။ အဲဒါမှ လုပ်သားတွေကိုလည်း ခေါ်ရလွယ်တာပေါ့”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ရော်ဘာအများစုကို တရုတ်နိုင်ငံမှ အဓိကဝယ်ယူပြီး ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကုန်ထုတ်လုပ်မှုကို ၅၁ ရာခိုင်နှုန်းသို့ လျှော့ချလိုက်သဖြင့် ရော်ဘာဈေးနှုန်းမှာလည်း လိုက်ပါကျဆင်း သွားရခြင်းကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေအပေါ်တွင်လည်း မူတည်သေးကြောင်း မွန်ပြည်နယ် ရာဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းထံမှ သိရသည်။

Written by – ကြည်ကို

Leave a Reply