Advertisements

ချောင်းဆုံ နိုဝင်ဘာ

ရာဘာသန့်စင်စက်ရုံများ ရှိမှသာ ရာဘာထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်၍ ချောင်းဆုံမြို့နယ်တွင်လည်း ယင်းစက်ရုံများ တည်ဆောက်ကြရန် ဒေသခံရာဘာလုပ်ငန်းရှင်များအား တိုက်တွန်းလိုကြောင်း မြို့နယ်ရာဘာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းတင်က ဆိုသည်။

သို့သော်လည်း လုပ်ငန်းခွင်အတွက် မြေဧရိယာ ၁ဧကကျော်နှင့် ငွေကျပ်သိန်း ၁၅၀၀ ဝန်းကျင်ကုန်ကျကြောင်း၊ လုပ်ငန်းလုပ်ကိုင်လို၍ အစိုးရက ချေးငွေထုတ်ချေးနိုင်ရန်မှာလည်း အိမ်ဂရန်၊ မြေဂရန်စသဖြင့် ပိုင်ဆိုင်မှုအထောက်အထားပေးရန် အဆင့်ဆင့် လုပ်ဆောင်နေရသည့် အခက်အခဲများကြောင့် ထင်သလောက် ခရီးမပေါက်ဖြစ်နေသူများလည်း ရှိကြောင်း ဦးဝင်းတင်က ပြောသည်။

“ဒေသမှာ ကုန်ကြမ်း အလုံအလောက် ရှိတယ်။ ရော်ဘာသန့်စင်စက်ရုံတွေ ရှိမယ်၊ ဖောမစ်အက်ဆစ် သုံးမယ်ဆိုရင် (အရည်အသွေး စံနှုန်း) RSS 1,  2 ,  3 အဆင့်မြင့် ရော်ဘာပြားတွေ ထုတ်လုပ်နိုင်လာမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ဈေးကွက်အနေအထားမှာ ရော်ဘာအကြမ်းပြား (အရည်အသွေး စံနှုန်း) 4 , 5 များကို တရုတ် ဝယ်လက်မှ ပေးသည့် နှုန်းထားအပေါ် ရပ်တည်နေရသည့်အတွက် ထိုက်သင့်သော ဈေးနှုန်း မရရှိကြောင်း၊ အဆင့်မြင့် ရော်ဘာပြားများကို ထုတ်လုပ်နိုင်ပါက မြန်မာ သီလဝါ တာယာစက်ရုံ၊ ဆော့မြန်မာ အိပ်စပို့ တာယာစက်ရုံများသို့ တင်ပို့ရောင်းချနိုင်ကြောင်း ၎င်းကပြောသည်။

ယခုအခါ ချောင်းဆုံတွင် ပထမဆုံး ရော်ဘာသန့်စင်စက်ရုံကို  ရာဘာစေး လှီးခြစ် လုပ်ငန်းရာသီအဝင် အောက်တိုဘာလထဲက စ၍ တည်ဆောက်ကာ ရာဘာခြံ ဧက ၂၀၀ ကျော်အတွက် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက် ရှိသည်။

“ရာဘာသန့်စင်စက်ရုံက တစ်နေ့တစ်တန်ကျ စက်ရုံဖြစ်တယ်။ ၂၂၄၀ ပေါင် ထုတ်လုပ်နိုင်တယ်”ဟု စက်ရုံတည်ထောင်သူလည်း ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

မုဒုံမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးမြင့်ဆောင်ကလည်း အဆင့်မြင့်ရော်ဘာပြား နှင့် ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းကာလုပ်ဆောင်နေသော်လည်း အစိုးရ ထောက်ပံ့မှုရရှိပါက ပိုမိုခရီးတွင်နိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

သက္ကောကျေးရွာနေ ရာဘာခြံလုပ်သား ဦးမြင့်သန်းက “ရာဘာသန့်စင်စက်ရုံရှိလာတဲ့အတွက် အကြမ်းပြားတွေမလုပ်တော့ဘူး။ ရာဘာအစေးအရေရောင်းတာက အကြမ်းပြား လုပ်ရောင်းတာထက် ပိုပြီး တွက်ခြေကိုက်တယ်။ အချိန်ကုန် လူပန်းလည်း သက်သာတယ်”ဟု ဆိုသည်။

လွတ်လပ်မောင်

 

Leave a Reply