ရာဘာအစေးရည် ဝယ်ယူရေးစခန်း ကိုးခု ဖွင့်လှစ်မည်

ထားဝယ် နိုဝင်ဘာ

ထားဝယ်ရွှေပြည် အဆင့်မြင့်ရာဘာစက်ရုံအတွက် ကုန်ကြမ်းရရှိရန် ဒေသအတွင်း၌ ရာဘာအစေးရည်ဝယ်ယူရေးစခန်း ကိုးခုထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် လေးခုဖွင့်မယ်၊ နှစ်နှစ်ထဲမှာ ကိုးခု ဖွင့်မယ်”ဟု  ထားဝယ်ရွှေပြည်ကုမ္ပဏီ (Dawei Golden Land-DGL)ဥက္ကဌ ဒေါက်တာယုစိန်က ဆိုသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် ‘ရေရှည်တည်တံ့သော ရာဘာစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်း’ခေါင်းစဉ်ဖြင့် နှစ်နှစ်တာလုပ်ငန်းစဉ် ချမှတ်ထားကြောင်း၊ ယင်းစီမံကိန်းကို ကုမ္ပဏီ၏ ကနဦး ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄သန်းကျော်အပြင် ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID) DaNa Facilityနှင့် The World Wide Fund for Nature-WWFတို့ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ၂ဒသမ ၄သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

ထားဝယ်ဒေသခံ ရာဘာခြံရှင်၂၂ဦးက ယင်းစက်ရုံကို ၂၀၁၆ခုတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းစက်ရုံမှ တစ်နေ့လျှင် ရာဘာ ၈တန်ဝန်းကျင်ထုတ်လုပ်လျက်ရှိသည်ဟု သိရသည်။

စီမံကိန်းပထမနှစ်တွင်ရေဖြူမြို့နယ်ကံပေါက်ဒေသရှိ အုန်းပင်ကွင်းရွာထိပ်၊ ဧကနိကျေးရွာ၊ ထားဝယ်မြို့နယ်ကမ်းရှေ့ကျေးရွာနှင့် မေတ္တာမြို့ဧရိယာတွင်လည်းကောင်း၊ဒုတိယနှစ်တွင် လောင်းလုံး၊ သရက်ချောင်းမြို့နယ်အပါအဝင် ၅နေရာ၌လည်းကောင်း အဝယ်စခန်းဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအရ ဒေသအတွင်းရှိ တောင်သူ ဦးရေ ၃၀၀၀ အကျိုးခံစားခွင့်ရရှိစေမည်ဖြစ်ကြောင်း ၊ ရာဘာအစေးရည်ဝယ်ယူခြင်းအပြင် နည်းပညာနှင့် သတင်းအချက်အလက် ဖြန့်ဖြူးပေးခြင်း စသောလုပ်ငန်းများကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း စီမံကိန်းအချက်အလက်တွင် ဖော်ပြထားသည်။

ရေဖြူမြို့နယ်တွင် ရာဘာစိုက်ဧက ၁၇၀ လုပ်ကိုင်နေသူ ဒေသခံ ခြံရှင် ဦးခင်စိုးက ကုမ္ပဏီက ယင်းသို့ ရာဘာအစေးရည်ဝယ်ယူပေးမည်ဆိုလျှင် ခြံလုပ်သားများက ရာဘာပြားထုတ်လုပ်ရန်မလိုတော့ဘဲ လုပ်အား အချိန်ပို ရလာမည်ဖြစ်သလို လုပ်ငန်းသုံးပစ္စည်းဝယ်ယူစရိတ်လည်း သက်သာလာမည်ဖြစ်၍ လုပ်ငန်းစဉ်ကို သဘောကျကြောင်း ပြောသည်။

ဝယ်ယူရေးစခန်းကို တောင်သူများ လာရောက်ရောင်းချပေးနိုင်မည့် နေရာတို့တွင် ဖွင့်ပေးရန်လိုအပ်သည်ဟု ရေဖြူမြို့နယ်အတွင်း ရာဘာခြံစိုက်ပျိုးလုပ်ကိုင်သည့် ထားဝယ်မြို့မှ အမည်မဖော်လိုသူ ခြံရှင်တစ်ဦးက ထောက်ပြအကြံပြုသည်။

နောက် “ အားလုံးနဲ့လွှမ်းခြုံတဲ့ ကွန်ရက်တစ်ခုဖြစ်အောင် ဘယ်မှာ လုပ်သင့်လဲဆိုတာ တောင်သူကို မေးရမှာ၊ အခုက သူတို့နဲ့ ပတ်သက်တဲ့သူတွေ ရှိတဲ့အနား၊ သူတို့ ခြံအနားမှာ လုပ်နေကြတာ”ဟု ၎င်းက ဝေဖန်သည်။

စီမံကိန်း ပထမနှစ် ရာဘာအစေးရည်ဝယ်ယူရေးစခန်း ၄ခု ဖွင့်ပြီးချိန်တွင် တနေ့လျှင် ရာဘာ၁၂တန်ဝန်းကျင် ထုတ်လုပ်နိုင်မည်၊ စီမံကိန်း ဒုတိယနှစ်တွင် ဝယ်ယူရေးစခန်း ၅ခု ထပ်မံဖွင့်ပြီးချိန်တွင် တနေ့လျှင် ရာဘာ၂၅တန်ဝန်းကျင်ထုတ်လုပ်နိုင်မည်ဟု ယင်းစက်ရုံမှ တာဝန်ရှိသူတို့က မျှော်မှန်းထားသည်။

တင့်လွင်

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.