မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ ။ ။ “ရာမညနိကာယဂိုဏ်း သမိုင်းနှင့် မွန်သာသနာ”စာအုပ်ကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကျရောက်မည့် (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့၌ စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ စာအုပ်ကိုထုတ်ဝေဖြန့်ချိသူ နိုင်ကိုသူက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

rehmanya-nikaryaအဆိုပါ စာအုပ်သည် မွန်ခေါင်းဆောင် တစ်ဦးဖြစ်သော နိုင်ပန်းသာ ရေးသားပြုစုထားသော စာအုပ်ဖြစ် ကြောင်း ၎င်းကဆိုသည်။

“အခု ကျွန်တော် ထုတ်ဝေဖြန့်ချိမည့် စာအုပ်က အဖိုးဖြစ်သူ နိုင်ပန်းသာ မကွယ်လွန်ခင်က ရေးသားပြုစုပေး ခဲ့တဲ့ စာမူများထဲက စာမူတစ်ခုဖြစ်ပါတယ်၊ ဒီစာမူကို ၂၀၁၂ ခုနှစ်က ကျွန်တော် ဖတ်ရှုလေ့လာတွေ့ရှိခဲ့ပါ တယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ စာမူထဲတွင် မွန်ရဟန်းရှင်လူများအတွက် သိသင့်သိထိုက်သော သမိုင်းအချက်အလက် အထောက် အထားများ၊ မွန်လူမျိုးနှင့် မွန်သာသနာအတွက် အကျိုးဖြစ်ထွန်းစေမည့် အကြောင်းအရာများ များစွာ ပါရှိနေသည်ကို တွေရှိခဲ့ရသည့်အတွက် ထုတ်ဝေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနှစ်ထဲမှာ ရာမညနိကာယ မွန်စာသင်သား ရဟန်းသံဃာများ မွန်ဘာသာဖြင့် စာမေးပွဲဖြေဆိုခွင့်ရရှိခြင်း နှစ် (၁၀၀) ပြည့်နှစ် ဖြစ်တဲ့အတွက် နိုင်ပန်းသာ ရေးသားပြုစုခဲ့တဲ့ ‘ရာမညနိကာယဂိုဏ်း သမိုင်းနှင့် မွန်သာသနာ’ စာအုပ်ကို အမြန်ဆုံးပြီးစီးအောင် ကျွန်တော်တို့အနေဖြင့် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ စာအုပ်က ပထမအကြိမ် ထုတ်ဝေခြင်းဖြစ်နေသောကြောင့် သက္ကရာဇ်များ၊ နာမည်များနှင့် နေရာများကို စာဖတ်ပရိသတ်များအားလုံး မှားယွင်းမှုများ တွေ့ရှိခဲ့လျှင် ဖုန်းဆက်ပြီး သတိပေးအကြောင်းကြားနိုင်ကြောင်း ဗိုလ်တစ်ထောင်ကျောင်း ဆရာတော် ဦးကေသရက မိန့်ကြားသည်။

နိုင်ပန်းသာ ပြုစုရေးသားခဲ့သော မွန်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအတွေ့အကြုံစာအုပ်၊ ခေတ်သစ်ကာလ မွန်အမျိုးသားလှုပ်ရှားမှုသမိုင်းနှင့် နိုင်ရွှေကျင်အကြောင်း သိကောင်းစရာစာအုပ်ကို ထုတ်ဝေခဲ့ပြီးယခုအကြိမ်တွင်ရာမညနိကာယသမိုင်းနှင့် မွန်သာသနာစာအုပ်ကိုထုတ်ဝေခြင်းဖြစ်သည်။

ယင်း စာအုပ်ကို အုပ်ရေ တစ်ထောင် ထုတ်ဝေဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply