ချောင်းဆုံ ၊  ဖေဖေါ်ဝါရီလ

ယခုနှစ်တွင်ချောင်းဆုံမြို့နယ်မှ ဆောင်းသီးနှံပဲစိုက်တောင်သူများ၏စိုက်ခင်းများမှာ ရာသီဥတုဒဏ်၊ ပိုးမွှားဖျက်ဆီးမှုဒဏ်များကြောင့်ပဲအထွက်နှုန်းလျော့နည်းနိုင်သည်ဟု ဒေသခံလယ်သ မားအများစုကသုံးသပ်ခန့်မှန်းထားသည်။

”ဒီနှစ်မှာနှင်းသိပ်မကျဘူး။အစိုဓာတ်ကလည်းနည်းတယ်။ ပဲခင်းတွေမှာပိုးကျတဲ့နေရာကကျ၊ အပင်တွေခြောက်ပြီးသေတဲ့နေရာကသေနဲ့ လောင်မီးဖြစ်တဲ့နေရာဖြစ်၊ပြန့်ပိုး ဖြစ်တဲ့နေရာဖြစ်နဲ့ အပင်တွေကမသန်ဘူးဖြစ်နေတယ် ။အထွက်နှုန်းကောင်းနိုင်မှာမဟုတ်ဘူး”ဟု ကော့မုပွန်ကျေး ရွာလယ်ကွင်းမှ ဦးထွန်းကြိုင်ကဆိုသည်။

၂၀၁၇ နှစ်ကုန်ပိုင်းအထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုပမာဏမှာ တန်ချိန်လျော့နည်းခြင်း မရှိစေကာမူ တန်ဖိုး ဒေါ်လာ ၇၁၅ သန်းသာ ရရှိခဲ့ရာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၄၀၃ သန်းအထိ လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ဆိုထားသည်။

”မတ်ပဲဈေးမကောင်းလို့ ပဲလွန်းဖြူကိုစိုက်ပျိုးထားတယ်။ အခုပဲခင်းတွေပြန့်ပိုးကျလို့ကုန်ပြီ။ လယ်ကလယ်ကောင်း နေ ရာကောင်းဖြစ်တယ်။ ကျန်တဲ့ပဲခင်းတွေလည်း အရင်နှစ်က တစ်ဧကတင်း ၂၀ ထွက်ရင် ဒီနှစ် ၁၀ တင်းရဖို့ အနိုင်နိုင်”ဟုဒေါင်းရပ်ကျေးရွာလယ်ကွင်းမှ ဦးလှအောင်က ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ကော့မုပွန်၊ ဒေါင်းရပ်အရှေ့၊ အနောက်၊ ကညှော်၊ ဘိုးနက်ကျေးရွာပိုင်လယ်ကွင်းများတွင်သာ ဆောင်းသီးနှံပဲမျိုးစုံကို အများဆုံးစိုက်ပျိုးနိုင်ပြီး တစ်မြို့နယ်လုံးစိုက်ဧက ၄၀၀၀ ဝန်းကျင်ရှိ ကြောင်းမြို့နယ်မြေစာရင်းဌာနမှတဆင့် သိရသည်။
မတ်ပဲဈေးနှုန်းမှာဒေသတွင်းပေါက်ဈေးတစ်ပိဿာလျှင်ကျပ် ၈၅၀၀န်းကျင်သာရှိပြီးယခင်နှစ်ကပဲပေါ် ချိန်ပေါက်ဈေးနှင့်နှိုင်းယှဉ်လျှင်ဈေးနှုန်းထက်ဝက်နည်းပါးကျဆင်းနေကြောင်း၊ ပဲဈေးနှုန်းများကျဆင်းနေသော်လည်းလုပ်သားခမှာကျဆင်းမှုမရှိသည့်အပြင်ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ ရိတ်သိမ်းခြွေလှေ့ခမှာ တစ်နေ့လျှင် ပျှမ်းမျှကျပ် ၅၀၀၀ ပေါက်ဈေးရှိနေကြောင်း ကညှော်ကျေးရွာမှလယ်သမား ဦးခင်ရွှေက ဆိုသည်။

“ပဲဈေးကလဲမကောင်း၊ ပဲကလဲအထွက်လျှော့မယ်။ လုပ်သားခလည်းဈေးမကျတဲ့အပြင်ဈေးတက်ဖို့ရှိတယ်ဆို တော့ ဒီအတိုင်းသာဆက်သွားရင်တွက်ခြေကိုက်မှာမဟုတ်ဘူး။ လာမယ့်နှစ်မှာ ပဲစိုက်ဖို့ ရင်လေးတယ်”ဟု ၎င်းကဝေဖန်ပြောဆိုသည်။ ပြည်တွင်း ပဲလက်ကျန်မှာ အိတ်ရေ လေးသိန်းကျော် ရှိနိုင်ပြီး ပဲပေါ်ချိန်တွင်လည်းဈေးနှုန်းများစွာမမြင့် နိုင်သေးကြောင်းပြည်နယ်ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်ကသုံးသပ်သည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply