မော်လမြိုင် အောက်တိုဘာ

သီတင်းမကျွတ်မီကာလတွင် မင်္ဂလာဝတ်စုံနှင့် ပွဲတက်ဝတ်စုံ ချုပ်လုပ်ရာ၌ ရိုးရာဝတ်စုံများကို ဒီဇိုင်းမျိုးစုံ၊ အဆင်မျိုးစုံဖြင့် ဝတ်ဆင်ကြသည်က ပိုများလာကြောင်း မင်္ဂလာဝတ်စုံချုပ်လုပ် ဌားရမ်းသည့် ဆိုင်များမှ သိရသည်။

မင်္ဂလာဝတ်စုံများကို အပ်နှံရာတွင် ရိုးရာအဆင်ကိုသာ ဒီဇိုင်းဆန်းသစ်စွာဖြင့် ချုပ်လုပ်ပေးရန် အများဆုံးမှာယူလေ့ရှိပြီး အနောက်တိုင်းဝတ်စုံဝတ်ဆင်မှုနည်းပါလာကြောင်း မောင်ငံရပ်ကွက်မှ ဒေစီပန်း မင်္ဂလာဝတ်စုံဆိုင်ပိုင်ရှင် မမေမီစိုးက ပြောကြားသည်။

“အခုခေတ်က မြန်မာဝတ်စုံတွေနဲ့ ရိုးရာဝတ်စုံတွေပြန်ပြီး ဆန်းသစ်လာပြန်တယ်၊ ရိုးရာဝတ်စုံတွေကို မူလလည်းမပျောက်အောင် ဒီဇိုင်းလဲဆန်းအောင် ထွင်ပြီးချုပ်ပေးရတယ်၊ အချိန်တော့ယူရတာပေါ့”ဟု ၎င်းက ပြောသည်။

မင်္ဂလာဝတ်စုံများကို ချုပ်လုပ်ရာတွင် မြန်မာဝတ်စုံချုပ်ရာ၌ အချိန် ၁ဝရက် (သို့မဟုတ်) ၁၅ရက်ထိ အချိန်ယူရပြီး ရိုးရာဝတ်စုံချုပ်လုပ်ပါက ၇ရက် (သို့မဟုတ်) ၁ဝရက်ထိ အချိန်ယူရသောကြောင့် ကြိုတင်အပ်နှံမှသာ အဆင်ပြေနိုင်ကြောင်း ဆက်လက်ပြောသည်။

ဝတ်စုံ၏ ဒီဇိုင်းဆန်းသစ်မှု၊ အချိန်အကန့်အသတ်နှင့် ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဈေးသတ်မှတ်သော ကြောင့် ၃ဝ,ဝဝဝ ကျပ်မှ တစ်သိန်းကျော်ထိ ရှိကြောင်း ထပ်မံပြောသည်။

ပွဲတော်ရက်များ နီးလာသောကြောင့် မင်္ဂလာဝတ်စုံသာမက ပွဲတက်ဝတ်စုံများကိုလည်း အချိန်မီအောင် ချုပ်လုပ်ပေးနေရကြောင်း ပွင့်ဖူးဝေအပ်ချုပ်လုပ်ငန်းမှ မနီလာအေးက ပြောကြားသည်။

“သီတင်းကျွတ်ပြီးဆိုတော့ မင်္ဂလာဝတ်စုံတွေလည်း လာအပ်ကြပြီ၊ ဘုရားသွား ပွဲတက်ဖို့အတွက်လည်း လာအပ်ကြတယ်၊ ဒီဇိုင်းတွေကတော့ မျိုးစုံချုပ်ပေးရတယ်၊ ချည်ထည်လေးတွေ၊ မြန်မာဝတ်စုံလေးတွေ ပြန်ခေတ်စားလာတယ်”ဟု ၎င်းက ပြောသည်။

မင်္ဂလာဝတ်စုံကို မွန်ရိုးရာဝတ်စုံပုံစံဖြင့် ချုပ်လုပ်ပေးရန် အများဆုံးမှာယူလေ့ရှိကြပြီး ယခင်နှစ်များထက် ပိုမိုဝတ်ဆင်လာကြကြောင်း ဆက်လက်ပြောသည်။

ပွဲတက်ဝတ်စုံများကို အထည်အမျိုးအစားအလိုက် ဈေးကွာခြားမှုရှိပြီး ချည်ဝတ်စုံများသည် ၇၅ဝဝ ကျပ်မှ ၁၂ဝဝဝ ကျပ်ထိ ချုပ်ခပေးရပြီး ပိုးထည်များသည် ၁ဝ,ဝဝဝ ကျပ် မှ ၂၅,ဝဝဝ ကျပ်ထိ ပေးရကြောင်း ထပ်မံပြောသည်။

ထိုက်ထိုက်

Leave a Reply