မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်တွင် မွန်ရိုးရာအထည်များဖြင့် ချုပ်လုပ်ထားသော လက်ကိုင်အိတ်လုပ်ငန်းများသည် ယခုနှစ်အတွင်း ပိုမိုတွင်ကျယ်လာကာ အရောင်းအဝယ်သွက်လာကြောင်း လက်ကိုင်အိတ်ချုပ်လုပ်ငန်းပိုင်ရှင် မိနှင်းဖြူ (Mis Bloy) က ပြောကြားသည်။

“အခုနောက်ပိုင်း ရိုးရာအထည်တွေကို ဝတ်လာကြတယ်၊ အဲတော့ ရိုးရိုးအိတ်တွေထက် ရိုးရာအထည်တွေကို ဒီဇိုင်းမျိုးစုံနဲ့ အိတ်ချုပ်လိုက်တော့ တောင်တော်ဝယ်ယူလာကြတယ်၊ ဖက်ရှင်လည်း ကျတာပေါ့၊ အိတ်တစ်မျိုးထဲ သီးသန့်လုပ်တဲ့ လုပ်ငန်းမျိုးတော့မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

ရိုးရာအဆင်ဖြင့် ချုပ်လုပ်ထားသော လက်ကိုင်အိတ်များကို ပြည်တွင်းတွင် ရန်ကုန်၊ ပဲခူးမြို့နှင့် ဘားအံမြို့နယ်သို့ တင်ပို့နေပြီး ပြည်ပနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ လာရောက်မှာယူမှုရှိကြောင်း ၎င်းက ပြောဆိုသည်။

ဈေးနှုန်းများကို အိတ်ဒီဇိုင်းအပေါ်မူတည်ပြီး တစ်ရှုးထည့်သောအိတ် အသေး ၅ဝဝ ကျပ်မှ ကျောပိုးအိတ်အထိ ၂၅,ဝဝဝ ကျပ်ထိ ဈေးရှိပြီး ပွဲတတ်ရန်အတွက် သီးသန့်အော်ဒါမှာယူခြင်းများလည်းရှိကြောင်း ထပ်မံပြောသည်။

ရိုးရာဝတ်စုံများကို ဝတ်လာကြသောကြောင့် လိုက်ဖက်မှုရှိစေရန် ရိုးရာအဆင်လက်ကိုင်အိတ်လုပ်ငန်း သီးသန့် ချုပ်လုပ်သော လုပ်ငန်းမျိုး လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မွန်ရိုးရာဝတ်စုံများကို ဖက်ရှင်ကျကျဝတ်ဆင်လာကြသည့်အတွက် ရိုးရာလုပ်ငန်းများ ပိုမိုတွင်တွင် ကျယ်ကျယ်လုပ်ကိုင်လာနိုင်ပါက အောင်မြင်နိုင်ကြောင်း မော်လမြိုင်၊ ဈေးကြီးရှိ ဒီဇိုင်နာ မခေမာ က ပြောကြားသည်။

“ရိုးရာဝတ်စုံချုပ်ဖို့ လာအပ်ရင်တောင် လက်ကိုင်အိတ်လေးပါ ရအောင်ချုပ်ပေးပါလို့ပြောတယ်၊ သေးသေးရလဲသေးသေးလေး ချုပ်ပေးပြောကြတယ်၊ ဖက်ရှင်လိုကိုဖြစ်လာတာ၊ နိုင်ငံခြားထိ တင်ပို့နိုင်ဖို့ ကြိုးစားရဦးမယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ရိုးရာအထည်လက်ကိုင်အိတ်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းအနည်းငယ်သာရှိပြီး ရိုးရာအိတ်သီးသန့်လုပ်ကိုင်သော လုပ်ငန်းများ တွင်ကျယ်လာစေချင်ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply