မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရိုးတောင်ပေါ်ရှိလုပ်ငန်းလိုင်စင် ပယ်ဖျက်ခံရသည့် ရိုးရိုးလေးဟိုတယ်ကိုလုပ်ငန်းလိုင်စင်ပြန်လည်ရရှိရန် နေပြည်တော်ရှိဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ သြဂုတ်လ ၃၀ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုဌာနချုပ်မှစာပို့တောင်းဆိုထားကြောင်း နေပြည်တော်ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ပြောကြားသည်။

yoyolay

“လက်ရှိအချိန်မှာလုပ်ငန်းလိုင်စင် ပယ်ဖျက်ထားတဲ့အတွက် သူ့အနေနဲ့ လက်ရှိအချိန်မှာလုပ်ငန်းကိုရပ်နားထားရမှာဖြစ်တယ်၊ အကယ်၍ လုပ်ငန်းမရပ်ဆိုင်းထားဘူးဆိုရင် သက်ဆိုင်ရာနယ်မြေမှာရှိတဲ့အုပ်ချုပ်မှုအဖွဲ့နဲ့ ပေါင်းပြီးတော့ ဥပဒေကိုသက်ရောက်အောင် ဆက်ပြီးတော့လုပ်ရမှာဖြစ်တယ်။
အမိန့်ထုတ်ပြန်ထားတာဖြစ်တဲ့အတွက် ဥပဒေအရဆိုလည်းရက်ပေါင်း ၆၀ အတွင်းသူ့အနေနဲ့ အယူခံတင်နိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ အကြောင်းကြားစာကိုKNU ကရင်အမျိုးသားအစည်းအရုံးဗဟိုဌာနချုပ် ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုယ်တိုင် ရေးထိုး၍ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးထံ စာပို့တောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါ အကြောင်းကြားစာတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုးဆံတော်ရှင် ရင်ပြင်၌ ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော ဦးသိန်းနိုင်(ခ)ဦးနေထက်သိန်းနိုင်၏ ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင်(ဟ-ဝ၇၅၈)(၁၃၅) ခန်းလုပ်ငန်းလိုင်စင်ကို ပြန်လည်ရယူလိုကြောင်း ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ကိစ္စကိုသက်ဆိုင်အစိုးရအဖွဲ့ကညှိုနှိုင်းဆောင်ရွက်ပေးပါရန် တင်ပြကြောင်းနှင့် လိုင်စင်ခွင့်ပြုပေးသောအဆောင်အမှတ်(၁)မှ (၅) အထိအမြင့်ပေ ၃ဝ ကိုဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေးတို့ကိုဝန်ကြီးဌာနမှလည်း စိစစ်ခွင့်ပြုပေးခဲ့သည်။

သို့ရာတွင် ရိုးရိုးလေးဟိုတယ်လုပ်ငန်းရှင်အနေဖြင့် ဝန်ကြီးဌာန၏ခွင့်ပြုချက်မရဘဲတိုးချဲ့ဆောက်လုပ်ခြင်းကို ပယ်ဖျက်နိုင်ခြင်းကိုလက်ခံနိုင်သော်လည်း ယခင်ရရှိထားသည့် ခွင့်ပြုရလိုင်စင်ကိုပါ မနစ်နာစေလိုကြောင်း
အသနားခံတင်ပြလာပါကြောင်း အဆိုပါ အကြောင်းကြားစာတွင်ဖော်ပြထားသည်။

ထို့အပြင် ရိုးရိုးလေးကုမ္ပဏီသည် KNU ကရင်အမျိုးသားအစည်းအရုံးသထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်းမီးစိုင်းတောင်ကုမ္ပဏီနှင့် အကျိုးတူလုပ်ငန်းများလုပ်ဆောင်နေသောကုမ္ပဏီဖြစ်သည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သောလူမှုရေး၊ ကျန်းမာရေးတွင်လည်းပံ့ပိုးဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဆက်လက်၍ အဆိုပါအကြောင်းကြားစာတွင် ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေမဲ့ပြုလုပ်ခြင်း၊ စည်းကမ်းနှင့် မညီညွတ်သောလုပ်ရပ်များကို ဆောင်ရွက်ခြင်းမျိုးမရှိခဲ့ခြင်း သိရှိရသည့်အပြင် ဟိုတယ်နှင့်ပတ်သက်၍လည်းမွန်ပြည်နယ်တွင် အခွန်ထမ်းအများဆုံးဆုကို ပထမရရှိခဲ့သည်ကိုသိရှိရကြောင်း၊ အဆိုပါ အကြောင်းကြားစာတွင် ပါရှိသည်။

သို့ဖြစ်ပါ၍ ကုမ္ပဏီအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုးရှေးရှု၍ အဆိုပါ လိုင်စင် ဖျက်သိမ်းခြင်းကို ပြန်လည် သုံးသပ်ကာသက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ဆောင်ခွင့်ကို ပြန်လည် ခွင့်ပြုရန် လေးစားစွာညှိနှိုင်းတင်ပြ အပ်ပါသည်ဟူ၍ ဥက္ကဋ္ဌ စောမူတူးစေးဖိုးကလက်မှတ်ရေးထိုးတင်ပြ ထားသည်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိရိုးရိုးလေးဟိုတယ်ကိုခွင့်ပြုချက်မဲ့ အခန်း၁၀၆ ခန်းတိုးချဲ့ဆောက်လုပ်မှုများကြောင့် သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာနေပြည်တော်ရှိဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ပယ်ဖျက်ခြင်း ကိုလုပ်ငန်းရှင်ထံအကြောင်းကြားစာပေးပို့ခဲ့ပြီး လက်ရှိအချိန်တွင် လုပ်ငန်းလိုင်စင်ပယ်ဖျက်ကြောင်း နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Leave a Reply