ခိုနူမ်းသုန်သတင်း၊ ၂၉ မတ် ၂၀၁၉

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အနီးရှိ အသည်းနှလုံးပုံသဏ္ဍာန်“ရိ” ရေကန်သည် နှစ်စဉ်ရေတိုက်စားမှုကြောင့် ပုံစံယိုယွင်းပျက်စီးလာနေသည့်အတွက် ဒေသခံလူငယ်များက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြသည်။

ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတတစ်ခုဖြစ်သည့် နာမည်ကျော် “ရိ” ရေကန်သည် ရေတိုက်စားမှုကြောင့် ကမ်းစပ်ပုံသဏ္ဍာန်များ ပျက်စီးလာသည့်အပြင် ရေကန်နံဘေးရှိသစ်ပင်များလည်းပြိုလဲမှုများဖြစ်ပွားနေသည့် အတွက် မတ်လ (၂၈) ရက်နေ့က ပြုပြင်ထိန်းသိမ်းရေးကို စတင်ဆောင်ရွက်ခဲ့ကြသည်ဟု ရိလူငယ်အဖွဲ့မှ ဦးလားလ်မှိန်းမွန်နာ ကပြောသည်။

“ကျွန်တော်တို့က ကိုယ့်ဒေသဆိုတော့ ကိုယ့်ဒေသကိုချစ်တယ် ။အဲဒီရေကန်ကမ်းစပ်နားက နှစ်တိုင်းနှစ်တိုင်း မိုးရာသီဆိုရင် ရေကြီးတယ် ။ရေကြီးတဲ့ချိန်မှာကမ်းပါးကိုတိုက်စားတိုက်စားနေတာ ဖြေးဖြေးခြင်းလှိုင်းတွေလည်းရှိတယ်၊ ဆိုတော့လေ ရေကလည်းကြီးတယ်ဆိုတော့ ၊ ကမ်းပါးတိုက်စားတိုက်စားပြီးတော့ ပုံသဏ္ဍာန်ပျက်နေတယ်။ ပြီးတော့ ကမ်းနားကသစ်ပင်တွေလည်းတိုက်စားတိုက်စားပြီးတော့ သစ်ပင်တွေလည်းသေတယ် ။ ဒါကြောင့် ကျွန်တော်တို့လူငယ်တွေအဖွဲ့ကနေ ကိုယ်ထူကိုယ်ထကနေစလုပ်ရအောင်ဆိုပြီးတော့ မနေ့ကနေ ချောင်းကျောက်တွေသယ်ပြီးတော့ ရေကန်နားမှာကျောက်တွေပုံပြီးကျောက်စီဖို့ဆောင်ရွက်နေကြပါတယ်’’ ဟု ဦးလားလ်မှိန်းမွန်နာကပြောသည်။

ရိ ရေကန်သည် နွေရာသီတွင် ရေကျသော်လည်း မိုးတွင်းကာလတွင် ကမ်းနားတိုက်စားမှုကြောင့် ပုံသဏ္ဍာန် ပျက်စီးမှုကြီးမားလာနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြုပြင်ထိန်းသိမ်းမှုမရှိသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

“ပြီးခဲ့တဲ့ရိဒ်ကျောက်တိုင်စိုက်တုန်းက အဲဒီရန်ပုံငွေပိုတဲ့ဟာနဲ့လည်း ကျွန်တော်တို့ရိလူတွေနဲ့ စီမယ်လို့ အစိုးရဆီမှာပြောတယ်တောင်းတယ်ပေါ့နော် ။ အုပ်ချုပ်ရေးမှူးတွေက သူတို့ခွင့်မပြုဘူး။ အဲဒါတော့ကျွန်တော်တို့ စည်ပင်ကပဲလုပ်မယ်ဆိုပြီးတော့တားတာ ။ အခုတစ်နှစ်တောင်ကျော်နေပြီ၊ သူတို့ဘာမှမလုပ်ပေးဘူး။ အခုနွေရာသီမှာ ရေကျတဲ့ချိန်မှာမလုပ်ဘူးဆိုရင်တော့ လာမယ့်မိုးတွင်းမှာဆိုရင်တအားပြန်တိုက်စားမှာ သူတို့အစိုးရကနေဘာသတင်းမှမကြားဘူး။ တခြားလုပ်ငန်းတွေဆိုရင်တော့လုပ်တယ် ၊ ရိနဲ့ပတ်သက်ရင် ဂရုမစိုက်တာပေါ့နော် ။ အဲလိုမျိုးဖြစ်နေတာအခု” ဟု ဦးလားလ်မှိန်းမွန်နာကပြောသည်။

ရိ လူငယ်အဖွဲ့တို့သည် ကျောက်ခွဲစက်နှင့် ချောင်းမှ ကျောက်များကို သယ်ယူကာ ရိ ရေကန်၏ ကမ်းစပ်များကို ကျောက်စီကြမည်ဖြစ်သည်။

By လားနွန်

Leave a Reply