Advertisements

ခြောက်မိနစ်ကျော်ကြာသည့် ရုပ်သံဖိုင်တွင် ဈေးသည်ဟု ယူဆရသည့် ဗမာစကားပြော အမျိုးသားနှစ်ဦးထဲမှ တစ်ဦးကို ရခိုင်စကားပြော အရပ်ဝတ်လူတစ်စုက စစ်မေးနေပြီး ရိုက်နှက်နေပုံတို့ကို မှတ်တမ်းတင်ထားသည်။

ဗမာစကားပြော လူငယ်အမျိုးသားတစ်ဦးကို ရခိုင်စကားပြောလူတစ်စုက ကြိုးတုပ်ကာ ရိုက်နှက်စစ်မေးနေသည့် ရုပ်သံဖိုင်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ ကျူးလွန်သူများကို အရေးယူသွားမည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့ (ဇန်နဝါရီ ၁၆ ရက်) ပြောသည်။

တည်နေရာမသိရသည့် နေရာတစ်ခုတွင် လက်ပြန်ကြိုးတုပ်ခံထားရသည့် ဗမာစကားပြော လူငယ်တစ်ဦးကို ရခိုင်စကားပြောသည့် လူတစ်စုက စစ်မေးရိုက်နှက်နေသည့် ရုပ်သံဖိုင်တစ်ခု ပြီးခဲ့သည့်ရက်ပိုင်းက Facebookတွင် ပျံ့နှံ့လာခဲ့ပြီး အဆိုပါလူငယ်၏ဘေးတွင် လှုပ်ရှားမှုမရှိတော့သည့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး လဲနေသည်ကိုလည်း တွေ့ရသည်။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကမူ အဆိုပါ ရုပ်သံဖိုင်ပါ ရိုက်နှက်စစ်မေးသူများမှာ AA အဖွဲ့ဝင်များ ဟုတ်မဟုတ် တိုက်ရိုက်မဖြေဘဲ ၎င်းတို့လှုပ်ရှားသည့် ဒေသများတွင် လူမျိုးရေး၊ ဘာသာရေးအရ အမုန်းတရားများအပေါ်တွင် အခြေခံပြီး ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူနိုင်ရန် အဆိုပါ ရုပ်သံဖိုင်တွင်ပါ လူများကို သိရှိအောင် စုံစမ်းသွားမည်ဟု Myanmar Nowကို ပြောသည်။

မည်ကဲ့သို့စုံစမ်း၍ မည်သည့်နည်းလမ်းများဖြင့် အရေးယူမည်လဲ ဆိုသည့် မေးခွန်းကိုမူ ခိုင်သုခက ပြန်လည်မဖြေကြားပေ။

ခြောက်မိနစ်ကျော်ကြာသည့် အဆိုပါ ဗွီဒီယိုဖိုင်တွင် ကြိုးတုပ်ခံထားရသည့် လူငယ်ကို ရခိုင်စကားပြော အရပ်ဝတ်လူတစ်စုက “ဘယ်ကလာသလဲ” ဟု စစ်မေးနေပြီး “ဈေးဖိုးတောင်း” ရန် “စစ်ကိုင်းတိုင်းမှ လာရောက်” သည်ဟု ဖြေကြားသည်။ ၎င်းတို့မှာ ဆိုလာပြားများ ရောင်းချသူများဖြစ်ပြီး၊ မြောက်ဦးတွင် တည်းခိုသည်ဟု ပြန်လည်ဖြေကြားသည်။

ထို့ပြင် မြောက်ဦးသို့ ရောက်နေသည်မှာ တစ်လကျော်ပြီဖြစ်ပြီး ‘တိမ်ညို’ ရွာဘက်တွင် စျေးဖိုးတောင်းရန် လာရောက်ခဲ့သည်ဟု ပြန်ဖြေသည်။

ထို့နောက် “မင်းတို့ပြောတော့ စည်တောင်ကို သွားတယ်လို့ ပြောတယ်၊ ခု မလိမ်နဲ့” ဟု ဆိုကာ ရခိုင်စကားပြောသူက စတင်၍ ပါးရိုက်သည်။ ထို့နောက် အခြားလူတစ်ဦးကလည်း ကျောကုန်းကို တုတ်ဖြင့် ရိုက်သည်ကိုလည်း တွေ့ရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုက်က ဇန်နဝါရီလ ၁၅ ရက်တွင် အဆိုပါ ဗီဒီယိုဖိုင်ပါ အမျိုးသားနှစ်ဦး ပျောက်သွားသည်မှာ ယမန်နှစ် ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက ဖြစ်သည်ဟု ဆိုထားသော်လည်း နှိပ်စက်နေသည့် ဗွီဒီယိုဖိုင်မှာမူ ပြီးခဲ့သည့်ရက်ပိုင်းကမှ Facebook တွင် စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ရုပ်သံဖိုင်တွင်ပါဝင်သည့် ရိုက်နှက်ခံရသူနှစ်ဦးမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပုဏ္ဏကားရွာမှ အသက် ၂၂ နှစ်အရွယ် ကိုရာဇာထွန်းနှင့် ဦးစိုးနိုင် (ခ) ကိုရင်ကြီးတို့ဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကတည်းက ပျောက်ဆုံးခဲ့ခြင်းဖြစ်ကာ ‘တိမ်ညို’ ရဲစခန်းတွင် လူပျောက်တိုင်ခဲ့ကြောင်းလည်း ဆိုထားသည်။

ဗွီဒီယိုဖိုင်ထဲတွင်ပါဝင်သည့် လူနှစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ၎င်းတို့ကို ရိုက်နှက်သတ်ဖြတ်သူများမှာ AA တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု အဆိုပါ တပ်မတော်၏ကြေညာချက်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် ၂၀၀၆ ခုနှစ်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း မိုးကာ၊ သံသေတ္တာ၊ ဘက်ထရီ၊ ဆိုလာ အစရှိသည့် ပစ္စည်းများကို လှည့်လည်ရောင်းချနေခဲ့ပြီး မြောက်ဦးမြို့ ကျောက်ရစ်ကေ ရပ်ကွက်ရှိ ဦးအောင်ထွန်းကျော် ဆိုသူ၏ နေအိမ်၌ အိမ်ငှားကာ ရွာစဉ်တကာ လှည့်လည် ဈေးရောင်းချနေကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် မြောက်ဦးမြို့နယ် မကြားရွာအဝင်လမ်းတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA တာဝန်ခံ ဗန်ဒို ဆိုသည့်လူ ခေါင်းဆောင်သည့်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

ယမန်နှစ် အောက်တိုဘာလကလည်း လူတစ်ဦးကို ကျင်းတူးပြီး တုတ်ဖြင့် ရိုက်သတ်သည့် တစ်မိနစ်စာ ရုပ်သံဖိုင်တစ်ခု Facebook စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့ဖူးပြီး အဆိုပါရုပ်သံဖိုင်တွင် ပါဝင်သည့် ရိုက်နှက်သူများမှာ ရက္ခိုင့်တပ်တော် AA မှ ဖြစ်သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဝန်ခံခဲ့သည်။

သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့အရေးယူသည်ကိုတော့ မသိရပါ။

အောင်ငြိမ်းချမ်း Myanmar Now

Leave a Reply