Photo : Ss via Aung San Suu Kyi Facebook

ရန်ကုန် ဩဂုတ် ၁၂

ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေးကို ရုရှားနိုင်ငံက ထုတ်လုပ်နိုင်ကြောင်း သေချာပါက ပြည်သူ့အတွက် အမြန်ဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိကဝတ်ပြုခဲ့သည်။

“ဒီနေ့(ဩဂုတ် ၁၂) သတင်းစာထဲမှာ ဖတ်ရတာ၊ ရုရှားကတော့ ကိုဗစ်ကာကွယ်ဆေး တွေ့ပြီလို့တော့ ပြောပါတယ်။ ဒါက ဘယ်လောက် သေချာတယ်၊ မသေချာတယ်ဆိုတာ မသိသေးဘူးပေါ့နော်။ သေချာပြီဆိုတာနဲ့တော့ ကျွန်မတို့ပြည်သူတွေအတွက် အမြန်ဆုံး ရအောင်လို့ လုပ်မှာပဲ။ သို့သော်လည်း ဒါလည်း ဒီနေ့၊ မနက်ဖြန် ဖြစ်မှာတော့ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ကိုဗစ်နိုင်တင်းကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ဘောလုံးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်ကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မ ဒီဟာ ပြောရတဲ့ အကြောင်းရင်းက ဒီ ကြားကာလမှာ သည်းညည်းခံကြပါ၊ စည်းကမ်းထိန်းသိမ်းကြပါပေါ့နော်။ ပြောရမယ်ဆိုရင် ဂိုးမသွင်းခင်လေးမှာ ခလုတ်တိုက်ပြီး လဲတာတွေ ဘာတွေ မဖြစ်ပါစေနဲ့ပေါ့။ အဲဒါကြောင့်မို့ မပေါ့ဆပါနဲ့၊ ဆက်ပြီးတော့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကို စောင့်စည်းကြပါ။ အဲဒီလို စောင့်စည်းလို့ရှိရင် ဒီပြဿနာကို ကျော်လွှားနိုင်မှာပါဆိုတာ အားပေးတဲ့စကားလည်း ပြောချင်တယ်။ သတိပေးတဲ့စကားလည်း ပြောချင်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ပြောသည်။

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ဆေးကို ပထမဆုံး တရားဝင် အတည်ပြုထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အစည်းအဝေး ပြုလုပ်စဉ် ဩဂုတ် ၁၁ ရက်က ထည့်သွင်းပြောဆို ကြေညာထားသည်။ ၎င်းအချက်ကို အခြေခံ၍ ဒေါ်အောင်ဆန်းစုကြည်က ယခု အွန်လိုင်းအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးလာခဲ့ခြင်းလည်း ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း

ဒေါ်အောင်ဆန်းစုကြည်၏ ယင်း ပြောကြားချက်အပေါ်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက”(ကိုဗစ်နိုင်တင်း) Vaccine (ကာကွယ်ဆေး)ကိစ္စလည်း ရုရှားက ခု စပြီးတွေ့တယ်ပြောပါတယ်။ တွေ့တဲ့ဥစ္စာကို WHOက Pre Qualify ဖြစ်မဖြစ် ရုရှားက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆွေးနွေးလျက် ရှိတယ်လို့ သတင်း ရရှိထားပါတယ်။ နောက်ပြီးတော့ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်)နဲ့လည်း ကျွန်တော်တို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ဆွေးနွေးထားတာတွေ ရှိပါတယ်။ WHO ကတော့ တကယ်လို့  Vaccine က တရားဝင် ရပြီဆိုရင် ဝင်ငွေနည်းတဲ့ နိုင်ငံတွေရော၊ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေပါ မကျန်ခဲ့အောင် ဆိုပြီး သူတို့က သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ နိုင်ငံပေါင်းစုံက ရရှိဖို့အတွက်၊ အထူးသဖြင့် အနည်းဆုံး High Risk (အန္တရာယ်များ) ပြည်သူတွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်ထမ်းတွေကို ဦးစားပေးပြီး အနည်းဆုံး ရရှိအောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်”ဟု တုန့်ပြန်ပြောဆိုခဲ့သည်။

အဆိုပါအွန်လိုင်းအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းတို့နှင့်အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာအမျိုးသားလက်ရွေးစင် ဂိုးသမား ဦးသီဟစည်သူတို့လည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။

ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ယာယီရပ်ဆိုင်းထားရသော ပြိုင်ပွဲများကို ပြန်လည်ကျင်းပနိုင်ရေး သက်ဆိုင်ရာက ဝန်ကြီးဌာနသို့ အဆိုပြုလာပါက စိစစ်ခွင့်ပြုပေးသွားမည့်ကိစ္စ၊ အားကစားနှင့် ကာယပညာသိပ္ပံများတွင်ယခုနှစ် ဖြုတ်ချခဲ့သည့် ဘောလုံးအားကစားကို ပြန်လည်ထည့်သွင်းရန် ညှိနှိုင်းဆွေးနွေးသွားမည့်ကိစ္စများကိုလည်း အဆိုပါအွန်လိုင်းအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးခဲ့ကြသည်။

နေမင်းထွဏ်း

Photos : Ss via Aung San Suu Kyi Facebook

Leave a Reply