ရေကြီးခဲ့သည့်မြို့နယ်များတွင် ဝမ်းရောဂါကာကွယ်ရေးလုပ်ဆောင်နေ

မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီးနောက် ရေပြန်လည်ကျဆင်းသွားသော မြို့နယ်များတွင် ဝမ်းရောဂါမဖြစ်ပွားစေရန် ရေတွင်းများကို ကလိုရင်းရေသန့်ဆေးရေ ခပ်ထည့်ခြင်းများ ဆောင်ရွက်ပေး နေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လတွင် ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ကြပြီး ကျိုက်မရောမြို့နယ်သည့် ရေမကျသေးသောကြောင့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဆက်လက်ပြောသည်။

“ဘီးလင်းမြို့မှာ အရင်စလုပ်တာပေါ့၊ ရေကြီးတော့ ရေတွင်းတွေ၊ အိမ်သာတွေပါမြုပ်ကုန်တော့ ရေတွေက မသန့်တော့ဘူးလေ၊ ဒေသခံတွေ ဝမ်းရောဂါဖြစ်မှာစိုးလို့ ရေပြန်ကျတာနဲ့ ဆေးလိုက်ခပ်နေတာ၊ ကျိုက်မရောကတော့ နည်းနည်းပဲ လုပ်ရသေးတယ်၊ ရေအကုန်မကျသေးဘူး”ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၅ရက်တွင် ကျိုက်မရောမြို့နယ်ရှိ ရေကျသွားသည့် ရပ်ကွက်အတွင်းမှ ရေတွင်းများအား ကလိုရင်းရေသန့် ဆေးရည်ခပ်ထည့်ခဲ့ကြောင်း ထပ်မံပြောသည်။

အတ္ထရံမြစ်ရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ်ခဲ့သော ကျိုက်မရောမြို့နယ်ရှိ ရှင်စောပုရပ်ကွက်တွင် ရေတွင်းများသန့်စင်ရေးနှင့် ဝမ်းရောဂါမဖြစ်ပွားရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းလှဝင်းရီက ပြောသည်။

“ရေကျသွားတဲ့ရပ်ကွက်တွေကို ဆေးခပ်ပေးနေတာပေါ့၊ ဒီကလိုရင်း ရေသန့်ဆေးရည်က ရေတွင်းထဲကို ခပ်ထည့်လိုက်တာနဲ့ ရေကသန့်သွားတယ်၊ သောက်သုံးလို့အဆင်ပြေပြီပေါ့၊ မဟုတ်ရင် ဝမ်းရောဂါဖြစ်နိုင်တယ်၊ ဝမ်းရောဂါက ရေကနေအဓိက ကူးဆက်တာ”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ကျိုက်မရောမြို့နယ်၊ ရပ်ကွက် ၃ခုအတွင်းရှိ ရေတွင်းပေါင်း ၁၅ဝခန့်ကို ကလိုရင်းရေသန့် ဆေးရည် ခပ်ခဲ့ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.