Advertisements

မော်လမြိုင်၊ သြဂုတ် 

ရေကြီးမှုဒဏ်မှ ကာကွယ်နိုင်ရန် ရေထွက်ပေါက်မရှိသည့် ကားလမ်းနှင့် ရထားလမ်းများတွင် ရေထွက်ပေါက်များ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

အဆိုပါ လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ရန် လာမည့် သြဂုတ် ၃၁ ရက်တွင် ကျင်းပမည့် အမျိုးသား ရေ အရင်းအမြစ် စီမံခန့်ခွဲရေး အစည်းအဝေး၌ အသေးစိတ် ဆွေးနွေးသွားရန် ရှိနေသည်ဟု ၎င်းက ပြောသည်။

ထိုလုပ်ငန်းစဉ်ကို လာမည့် စက်တင်ဘာလတွင် စတင် အကောင်ထည် ဖော်နိုင်ရန် ဆွေးနွေးထားပြီး ပြည်ထောင်စုနှင့် ပြည်နယ် ဘတ်ဂျက်ကိုပါ သုံးစွဲ၍ လုပ်ဆောင်သွားရန်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် ရေကြီးမှု ဖြစ်ပေါ်နေသည့် ဘီးလင်းမြစ်ကိုလည်း အမျိုးသားရေအရင်းအမြစ်စီမံခန့်ခွဲရေး ကော်မတီမှ ပညာရှင်များ ကွင်းဆင်းစစ်ဆေးမည်ဟု ဦးထွန်းဌေးက ပြောသည်။

“ဘီးလင်းမြစ်က တိမ်ကောလာတယ်၊ မြစ်အထက်မှာ ရွှေတူးတဲ့အတွက်ကြောင့်လဲပါတယ်၊ မြစ်ကြောင်းကိုပြုပြင် မယ်၊ ရေထွက်ပေါက်တွေ လုပ်ရင် မြစ်ရေအတက်အကျနဲ့ တွက်ချက်ပြီး သေချာလုပ်ရမယ်”ဟု ၎င်းက ဆိုသည်။

ရေကြီးမှုသည် ပြည်နယ်အတွင်း နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေတွင် ရှိနေသောကြောင့် မြန်မြန်ဆန်ဆန် ထိန်းသိမ်းပြုပြင်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

ပြည်နယ်တွင် ယခုနှစ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကားလမ်း၊ ရထားလမ်းများကို ရက်အနည်းငယ်ကြာအောင် ပိတ်ထားခြင်း၊ နေအိမ်များနှင့် ကျောင်းများ ရေနစ်မြုပ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply