Advertisements

ထားဝယ်၊ အောက်တိုဘာ

လာမည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ရေချိုငါးလုပ်ငန်းဥပဒေမူကြမ်းကို တင်သွင်းဆွေးနွေးကြမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အောက်တိုဘာ ၃ရက်တွင် ပြောကြားသည်။

ယခင်ရေးဆွဲထားပြီးဖြစ်သည့် ဥပဒေမူကြမ်းကို အများပြည်သူထံချပြပြီးနောက် ယင်းတို့၏ ဆွေးနွေးမှုများဖြင့် ပြန်လည်ပြုပြင်ရေးဆွဲခဲ့ရာ ယခုမူကြမ်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ၎င်းကို လွှတ်တော် ဥပဒေရေးရာကော်မရှင်နှင့် ဆက်လက်တိုင်ပင်ဆွေးနွေးရန် ယခုလ ၁၉ရက်နေ့တွင် ခေါ်ယူထားကြောင်း လွှတ်တော်ဥက္ကဋ္ဌက ထပ်လောင်းပြောကြားသည်။

“လွှတ်တော်ဥပဒေရေးရာကော်မရှင်နဲ့ တိုင်ပင်ပြီး အသေးစိတ်ပြန်စစ်ဆေးပြီးမှ ဥပဒေပြုကော်မတီကတစ်ဆင့် လွှတ်တော်တင်မယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။

အဆိုပါ ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ဥပဒေနှင့်အညီ မြေအသုံးချခွင့်ကိုပါ ရရှိမည်ဖြစ်ပြီး ရေချိုငါးအပြင် ရေချိုပုစွန်မွေးမြူရေးလုပ်ငန်းအတွက်လည်း အထောက်အကူရရှိလာမည်ဟု ၎င်းက သုံးသပ်သည်။

ဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် ပြည်သူ့ဘက်မှ ရရှိလာမည့် အကျိုးအပြစ်တို့ကို ချင့်ချိန်ထောက်ရှုကာ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာရရှိနိုင်မှုကို ပြန်လည်တွက်ဆကြည့်ရန် ဥပဒေရေးဆွဲသူများသို့ လမ်းညွှန်ထားခဲ့သည်ဟု လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

“၁၉ရက်နေ့မှာ ကော်မရှင်ကို ကြည့်ခိုင်းထားတယ်။ ကြည့်လိုက်လို့ ဒါတွေက ပြည်သူကို ဒုက္ခပေးနေတဲ့အချက်ပဲဆိုရင် ပြန်ပြင်မယ်”ဟု ယင်းကပြောသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရေချိုနှင့်ကမ်းနီးငါးလုပ်ငန်းဆိုင်ရာဥပဒေကို  အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လာမည့်လွှတ်တော်တွင် ရေချိုငါးလုပ်ငန်းဥပဒေနှင့် ကမ်းနီးငါးဖမ်းလုပ်ငန်းဥပဒေဟုခွဲခြား၍ ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရသည်။

ရေချိုငါးလုပ်ငန်းဥပဒေပြဋ္ဌာန်းရန် နိုဝင်ဘာလတွင်ပြုလုပ်မည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပြီး ကမ်းနီးငါးလုပ်ငန်းဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနိုင်ရန်တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှအမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဥပဒေ၃၃ခုကို အတည်ပြုပြဋ္ဌာန်းခဲ့သည်ဟု လွှတ်တော်ရုံးမှတ်တမ်းအရ သိရသည်။

Written by – တင့်လွင်

Advertisements
<

Leave a Reply