Advertisements

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက်။

စက်မှုဇုန်များရှိ ကုန်ထုတ်လုပ်ငန်းများလုပ်ကိုင်နေသည့်စက်ရုံများမှာ ရေဆိုးသန့်စင်စနစ်လုပ်ဆောင်ရန် ငွေကြေးနှင့် နည်းပညာအခက်အခဲများရှိနေကြောင်း စက်ရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။

“ငွေကြေးလိုတယ်။ ပြီးတော့ လက်ရှိစက်မှုဇုန်ကမြေနေရာတွေမှာ ဒီလိုစနစ်လုပ်ဖို့ နေရာအခက်အခဲတွေရှိ တယ်။ အစိုးရဘက်က အကူအညီတွေလည်း လိုအပ်တဲ့အနေအထားပါ။”ဟု မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်ရောင်းချသူများအသင်း ဒုတိယ ဥက္ကဌ ဦးစိန်သောင်းဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာရန် အစိုးရတာဝန်ရှိသူများနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ကိုင်နေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ အလုပ်ရုံဆွေးနွေးပွဲ ကို အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်နှင့် စက်မှု၊ လက်မူ လုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီစနစ်က အကောင်အထည်ဖော်လုပ်ဆောင်ရမယ့်အခြေအနေတစ်ခုပါ။ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ကိန်း၊ စီးပွားရေးလုပ်ငန်းတွေလုပ်သလို ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကိုလည်း တစ်ပေါင်းတည်းလုပ်ဖို့လိုတယ်။ အခုအခက်ခဲတွေကိုလည်း ပူးပေါင်းအဖြေရှာရမယ်။”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စက်ရုံများတွင် ရေဆိုးသန့်စင်စနစ် တပ်ဆင်လုပ်ကိုင် နေမှုမှာ(၁၀)ရာခိုင်နှုန်းသာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လှိုင်သာယာစက်မှုဇုန်အပါအဝင် ရွှေပြည်သာစက်မှုဇုန်စသည့် ရန်ကုန်မြို့ရှိစက်မှုဇုန်များတွင် စက်ရုံမှ စွန့်ပစ်ရေများမှာ မြစ်ချောင်းများအတွင်း စီးဝင်နေခြင်းကြောင့် ရေသယံဇာတထိခိုက်မှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများရှိနေကြောင်း သိရသည်။

“အခု လုပ်ငန်းလုပ်သူတွေက ရေဆိုးသန့်စင်စနစ်ကို မဖြစ်မနေလုပ်ရမယ်။ အချို့စက်ရုံတွေက မြေဧကရဖို့ခက် နေတယ်။ ငွေကြေးကလည်း တော်တော်ကုန်မယ့်အနေအထားမှာရှိတယ်။ အစိုးရဖက်ကလည်း အကူအညီတွေ လိုတယ်။ ပြီးတော့ လုပ်တဲ့လုပ်ငန်းရှင်တွေကိုလည်း ဆုပေးတဲ့ပုံစံမျိုးနဲ့ အားလုံးပါဝင်အောင် အသိပေးတဲ့ပုံစံ တွေ လုပ်ဆောင်ဖို့လိုအပ်တယ်။”ဟု မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရေဆိုးစွန့်ပစ်မှုအများဆုံးဖြစ်သည့် အရက်ချက်စက်ရုံများကိုလည်း စည်ပင်သာယာရေး ကော်မတီက ယာယီပိတ်သိမ်းထားပြီး အခြားကုန်ထုတ်စက်ရုံများကိုလည်း ရေဆိုးသန့်စင်စနစ်များ ထည့်သွင်း လုပ်ဆောင်ရန် မဖြစ်မနေတွန်းအားပေးလုပ်ဆောင်ရမည့်အနေအထားတွင်ရှိနေကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply