ရေဖြူမြို့နယ်ရှိ နယ်မြေခံလက်နက်ကိုင်များ မိုင်းရှင်းလင်းရေး အလေးနက်ထားဆောင်ရွက်သင့်ဟုဆို

မော်လမြိုင် ဇန်နဝါရီ
သုံးလအတွင်း မြေမြှုပ်မိုင်း ၇ ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ နယ်မြေခံလက်နက်ကိုင်များ မိုင်းရှင်းလင်းရေး အလေးနက်ထား လုပ်ဆောင်သင့်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဟင်္သာမီဒီယာသို့ပြောသည်။
“ဒီကိစ္စကို UPDJC က ဖိအားပေးပြီး အတင်းရှင်းခိုင်းတာထက် နယ်မြေခံ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KNU မွန်ပြည်သစ်အဖွဲ့အနေနဲ့ အလေးအနက်ထားပြီး ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုင်တွယ်ဖြေရှင်းဖို့၊ လိုက်လံရှင်းလင်းဖို့ လုပ်သင့်တယ်လို့ ယူဆတယ်” ဟုဆိုသည်။
မိုင်းရှင်းလင်းရေးကိစ္စကို ပူးပေါင်းလုပ်ဆောင်ရန် နှစ်ဖွဲ့ သဘောတူညီထားသည်ဟုသာ သိထားပြီး မည်ရွေ့မည်မျှ အင်အားသုံးဖြေရှင်းနေကြောင်း၊ မည်သည့်နယ်မြေမှာ လုံခြုံစိတ်ချသည့်အဆင့်ရောက်ကြောင်း ပြည်သူလူထုသိရှိအောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်သင့်သည်ဟု ဆက်ပြောသည်။
ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာတွင် အောက်တိုဘာနှင့် နိုဝင်ဘာတွင် မြေမြှုပ်မိုင်း လေးကြိမ် ပေါက်ကွဲခဲ့ပြီး လူ နှစ်ဦး ခြေထောက်ဆုံးရှုံးသွားကာ တစ်ဦးမှာ ခြေဆစ်ရိုးများ ပျက်စီးသွားသည်။
ယင်းနောက် ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောရွာအနီး အိုင်မဲနေရာ၌ မြေမြှုပ်မိုင်း သုံးလုံး ထပ်မံပေါက်ကွဲခဲ့ရာ ကျွဲတစ်ကောင်ခြေပြတ်ခဲ့ပြီး ဆိုင်ကယ် နှစ်စီးပျက်စီးခဲ့ကာ လူအသေအပျောက်မရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်းကပြောသည်။
“KNU နဲ့ ဆွေးနွေးတာ အကြိမ်အရေအတွက်များနေပြီ။ ဒါပေမဲ့ သူတို့ဘက်က အောက်ခြေကလူလာရင် တစ်မျိုးပြောတယ်။ အထက်ကလာရင် တစ်မျိုးပြောတယ်” ဟု ၎င်းက ဆိုသည်။
မိုင်းရှင်းလင်းရန် ယခင်က သဘောတူညီချက် ယူထားသော်လည်း ဆွေးနွေးမှုများ ယတိပြတ် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း၊ မွန်ပြည်သစ်အနေဖြင့် အတူတကွ ဖြေရှင်းရန် စောင့်ဆိုင်းနေသည်ဟု ၎င်းကဆက်ပြောသည်။
ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက “တောတောင်ထဲမှာ လူသူမရောက်တဲ့နေရာမှာ မိုင်းကွဲရင် မိုင်းကြွင်းမိုင်းကျန်လို့ ပြောလို့ရတယ်။ အခုက လူတွေသွားလာတဲ့နေရာမှာ ပေါက်ကွဲတော့ ပြည်သူလူထုက ထိတ်လန့်ချောက်ချားနေတယ်” ဟုဆိုသည်။
မိုင်းပေါက်ကွဲရာနေရာသည် လက်နက်ကိုင်များ ထိန်းချုပ်ရာနေရာဖြစ်ပြီး ဒေသခံများအနေဖြင့် လုပ်ငန်းခွင်သို့ဝင်ရန် စိုးရိမ်ကြောက်လန့်မှုများရှိနေသည်ဟု ၎င်းကပြောသည်။
စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.