Advertisements

ဘားအံ သြဂုတ် ၁၉

မိုးသည်းထန်လွန်ကဲခြင်းနှင့်အတူ တောင်ကျရေ၊ မြစ်ရေ၊ ချောင်းရေတိုးခြင်းကြောင့် ရေစီးတွင် မျောပါ ပျက်စီးသွားခဲ့သော သစ်သား/ဘေလီတံတား ၉ စင်းကို ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၇ ရက် နေ့လည်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထီလုံ – ကော့ကရိတ်လမ်းရှိ တံတား ၆ စင်း၊ လှိုင်းဘွဲ – ရှမ်းရွာသစ်လမ်းရှိ တံတား ၂ စင်း၊ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းရှိ တံတား ၁ စင်း၊ ပေါင်း ၉ စင်းမှာ နေရာတွင် သံဘောင် ဘေလီယာယီတံတားများ ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ယင်းလမ်းပိုင်းများရှိ သစ်သားတံတား၊ ကွန်ကရစ်တံတား၊ သံဘောင် သစ်သားခင်း တံတားများမှာ ဇူလိုင် ၂၁ ရက်မှ သြဂုတ် လဆန်းထိ မိုးဒဏ်ကြောင့် မျောပါပျက်ခဲ့ရာ ယင်းနေရာတို့တွင် သံဘောင် ဘေလီ ယာယီတံတားများဖြင့် အသီးသီး အစားထိုးဆောက်လုပ်ခြင်းဖြစ်သည်။

ထီလုံ – ကော့ကရိတ်လမ်းရှိ အစားထိုးပြီး တံတားလေးစင်းနှင့် သံဖြူဇရပ် – ဘုရားသုံးဆူလမ်းရှိ တံတားတစ်စင်းအတွက် ငွေကျပ် ၁၉၁ သန်း သုံးစွဲခဲ့ရကြောင်း ပြည်နယ် လမ်း ဦးစီးအရာရှိ (စီမံ) ဦးအေးသန်းက ဟင်္သာမီဒီယာကို သြဂုတ် ၁၄ ရက်က ပြောဆိုထားသည်။ ကရင်တစ်ပြည်နယ်လုံးအနေဖြင့် ပျက်စီးတံတားများ ပြန်လည် ပြုပြင်မှု ကုန်ကျ တန်ဘိုးစုစုပေါင်းမှာ ကျပ် ၂၂၆သန်း ဖြစ်သည်ဟု ဦးအေးသန်းက ဆိုသည်။

အဆိုပါ ဘေလီ ယာယီတံတားများကို အခိုင်အမာ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကုန်ကျစရိတ်ကို တွက်ချက်၍ ဆောက်လုပ်ရေးဦးစီးဌာနသို့ တင်ပြသွားမည်ဟု သိရသည်။

ဇူလိုင် တတိယပတ်အဝင်မှစ၍ မိုးရေ၊ တောင်ကျရေ၊ မြစ်ရေ၊ ချောင်းရေတို့ကြောင့် ကရင်ပြည်နယ်ရှိ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖါပွန်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ စုစုပေါင်းခန့်မှန်းတန်ဖိုး ၁၄၇၅.၀၂၁ သန်းခန့် ဆုံးရှုံးခဲ့ရကြောင်း ကရင်ပြည်နယ်အစိုးရက သြဂုတ်လ ပထမပတ်တွင် ထုတ်ပြန်ထားသည်။

စောအယ်လ်ဒီး

Advertisements
<

Leave a Reply