Advertisements

မွန်ပြည်သစ်ပါတီ က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပါတီညီလာခံပြုလုပ်ကာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ နှင့် ဥက္ကဋ္ဌ ၊ဒုတိယဥက္ကဋ္ဌများ များကိုပြန်လည်ရွေးချယ်ခဲ့သည်။ ထို့အပြင် မွန်ပြည်သစ်ပါတီ၏ စည်းမျဉ်းသစ်များ ကို လည်း ချမှတ် ပြီး ရှှေ့ဆက်လုပ်ဆောင်မည့်နိုင်ငံရေးမူဝါဒများလည်း ညီလာခံတွင် ဆွေးနွေး ခဲ့သည်။ ယင်းညီလာခံ ချမှတ် လိုက်သောမူဝါဒများ ၊လက်ရှိ အသစ်ဖွဲ့မည့် အစိုးရ နှင့် မွန်ပြည်သစ်ပါတီ တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမည့် အခြေနေများကို မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်ဟံသာဗွမ်ခိုင် ကို ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်း ပြီးဖော်ပြလိုက်ရပါသည်။

Nai-Hongsar-Pone-Khine

ဟင်္သာမီဒီယာ။ ။ ဆရာတို့ မွန်ပြည်သစ်ပါတီရဲ့ ညီလာခံကျင်းပပြီးသွားတဲ့နောက်မှာ ဘယ်လိုအပြောင်း အလဲတွေ ဖြစ်သွားပါသလဲ။ အကယ်၍ အပြောင်းအလဲရှိခဲ့ရင် ပါတီရဲ့နိုင်ငံရေးအခန်းကဏ္ဍ ပြောင်းလဲနိုင်ဖို့ အခြေအနေ ရှိပါသလား။ အဲ့ဒါတွေပြောပေးပါ။

နိုင်ဟံသာဗွမ်ခိုင်။ ။ လေးနှစ်တစ်ခါလုပ်တဲ့ ညီလာခံရဲ့ Process ကတော့ ဒီလေးနှစ်အတွင်း အကောင် အထည်ဖော် ခဲ့တဲ့ လုပ်ငန်းတွေ၊ reportတွေ၊ နောက်ပြီး လက်ရှိနိုင်ငံရေး အခြေအနေ၊ ပြည်တွင်းပြည်ပ အခြေအနေ၊ ကိုယ့်မွန်အမျိုးသား အခြေအနေ အားလုံးပြန်လည်သုံးသပ်ပြီးမှ ရှေ့လုပ်ငန်းစဉ်ကို ချကြတယ်။ ညီလာခံမှာ ဗဟိုကော်မတီဝင် အသစ်ပြန်ရွေးတာ၊ ဗဟိုအလုပ်အမှုဆောင် အသစ်ရွေးတာ၊ ဥက္ကဋ္ဌ အသစ်ရွေး ချယ်တာတွေ ပြုလုပ်ခဲ့တယ်။ နိုင်ငံရေးအပိုင်းပြောရရင် လာမယ့်အစိုးသစ် နိုင်ငံရေးအခင်းအကျင်း နဲ့ပတ်သက်ပြီး ပိုပြီး ဆွေးနွေးတာမျိုးရှိပါတယ်။ တစ်ခုရှိတာက တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ လက်နက်ကိုင် မဟုတ်တဲ့ နိုင်ငံရေးပါတီတွေရော ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ၊ ဖက်ဒရယ် နိုင်ငံထူထောင်ဖို့်၊ NLD နဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ အမြင်ရှိတယ်။ NLD ဦးဆောင်တဲ့ အစိုးရပေါ်လာရင်တော့ သူတို့ရဲ့မူ ဘယ်လိုရှိမလဲကြည့်ရမယ်။ လောလောဆယ် တိတိကျကျမသိရသေးတဲ့ အတွက် ဘယ်လိုပုံစုံမျိုးနဲ့ သွားမလဲဆိုတဲ့ အသေးစိတ်ပုံစံတော့ မချရသေးဘူး။ လေ့လာစောင့်ကြည့်ရတဲ့ အနေအထားမျိုးမှာပဲ ရှိနေတယ်။

ဟင်္သာမီဒီယာ။ ။ ဆရာတို့သဘောက NLD နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ အခြေအနေရှိတယ်။ဒါပေမဲ့ အစိုးရသစ်ရဲ့ ပေါ်လစီနဲ့ မူဝါဒကိုတော့ လေ့လာနေတုန်း အခြေအနေမျိုးပေါ့။အခုကြားနေတာတစ်ခုရှိတာ က လာမယ့် အစိုးရသစ် နဲ့ NCA လက်မှတ်ထိုးမယ်လို့ ပြောနေကြတာရှိတယ်။ အဲဒါနဲ့ပက်သက်ပြီး ညီလာခံမှာဘယ်လို သုံးသပ်ဆွေးနွေးဖြစ်ပါသလဲ

နိုင်ဟံသာဗွမ်ခိုင်။ ။ NCA နဲ့ပက်သက်ပြီးတော့ ဘာမှပြောစရာ မရှိပါဘူး။ ဒါကတော့မွန်ပြည်သစ်ပါတီ တစ်ခုတည်း က မဟုတ်ဘူး တပ်ပေါင်းစုမှာလည်း လက်ခံထားပြီးသားပဲ။ ဒါပေမဲ့ ခက်သွားတာက All Inclusive မှာပဲ ညှိပြီး တော့ မထိုးဖြစ်တဲ့ အနေအထား။ မွန်ပြည်သစ်ပါတီကတော့ ဘယ်လိုပဲဖြစ်ဖြစ် NLD အစိုးရနဲ့ဆက်ဆံရေး အခြေအနေ ကောင်း ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။ အတိအကျတော့မဟုတ်ဘူး။ မျှော်လင့်ထားတာ လောက်ပဲရှိသေးတယ်။

ဟင်္သာမီဒီယာ။ ။ ကျွန်တော်တို့ ယူဆလို့ရတာက ဆရာတို့ မွန်ပြည်သစ်ပါတီ အနေနဲ့ NCA ကိုတော့ လက်မှတ်ထိုးဖို့ အလားအလာကောင်းရှိတာပေါ့နော်။ နောက်ဆက်တွဲဖြစ်လာမယ့်တစ်ခုက လက်မှတ်ထိုးပြီး တဲ့အခါနိုင်ငံရေး ဆွေးနွေးပွဲကို သွားတဲ့အခါကျရင် လက်နက်ကိုင်တပ်တွေကို ဘယ်လို အသွင်ပြောင်းသွားမလဲ၊ ဘယ်လို ရှေ့ဆက်ရပ်တည်မလဲ၊ မွန်ပြည်သစ်ပါတီက နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့နဲ့ အဲဒီလိုမျိုးရှေ့ ဆက်ပြီး သွားမယ်လို့ ပြောနေတဲ့ အသံတွေကြားနေတာမျိုးရှိနေတော့ တကယ့်အခြေအနေအမှန်က ဘာများဖြစ်နိုင်မလဲ။

နိုင်ဟံသာဗွမ်ခိုင်။ ။ တပ်တွေကိုဘယ်လိုထားမလဲဆိုတာကတော့ နိုင်ငံရေးဆွေးနွေးပွဲပေါ်မူတည်ပြီးတော့မှ ရလဒ် အတိုင်းပဲသွားမှာပါ။ NCA ထိုးပြီးတာနဲ့ တပ်တွေကို တစ်ခါတည်း DDRSR လုပ်မယ့်သဘောတော့ မရှှိဘူး။ နိုင်ငံရေးဆွေးနွေးပွဲရလဒ်ကိုလည်း ဘယ်လောက်အထိလက်ခံနိုင်လဲ။ ဒါကလည်း ဖွဲ့စည်းပုံအရပဲ သွားမယ် ။ အချိန်တော့ယူရမယ်။ တစ်ချို့ ပြောတာက NCA ထိုးပြီးတာနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ မဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင် အများစု လက်ခံထားတာက NCA ထိုးပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲ သွားမယ် ဆွေးနွေးပွဲရလာဒ်အတိုင်း အပြောင်းအလဲလုပ်မယ်။ ဒါကိုတော့လက်ခံတယ်။ တိုင်းရင်းသား တွေကလည်း နိုင်ငံမှာ တပ်မတော်တစ်ခုတည်း ရှိရမယ်ဆိုတာကို လက်ခံတယ်။ ဒါပေမဲ့ ဒီ Transition ကျတော့ နိုင်ငံရေးရလဒ် အရ အာမခံချက်ရှိလာမှ ပြောင်းမယ် ၊မရှိဘဲနဲ့ မဖြစ်နိုင်ဘူး၊ မလွယ်ဘူး။ အရှေ့ကပြောတဲ့ NCA ကို လက်မှတ်ထိုးဖို့ မွန်ပြည်သစ်က အလားအလာရှိတယ်။ဒါ့ပေ့မယ့် မွန်ပြည်သစ်တစ် ခုတည်းမဟုတ်ဘူး။ အဓိကကတော့ တပ်ပေါင်းစုပဲ၊ UNFC ရဲ့ မူဝါဒအတိုင်းပဲ။ ဖြစ်ရင်တော့ တစ်ဖွဲ့တည်းဖြစ်မှာ မဟုတ်ဘူး။ ကျန်တဲ့အဖွဲ့တွေလည်းပါမှာပဲ။ ဒါကတော့အစိုးရအသစ်ရဲ့ ဘယ်လောက်ထိဖွင့်ထားပေးမလဲ သဘောထား ဘယ်လောက်ကြီးပေးမလဲ ဆိုတဲ့အပေါ်မူတည်တယ်။

ဟင်္သာမီဒီယာ။ ။ ဆရာတို့မြင်ချင်တဲ့ လက််နက်ကိုင်တပ်များဆိုင်ရာအသွင် ပေါင်းစည်းရေအစီအစဉ်က ဘယ်လို ဖြစ်မလဲ။

နိုင်ဟံသာဗွမ်ခိုင်။ ။ အဓိကကတော့ တကယ့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရင်တော့ အဲဒီဖွဲ့စည်းပုံက ဖက်ဒရယ် ပုံစံ အနေအထားဖြစ်ရင်တော့ ဖြစ်မှာပဲ။ တစ်ချို့ကတော့ ပြည်နယ်စောင့်တပ် ၊ တစ်ချို့ကျတော့ လုံခြုံရေးအပိုင်းမှာ တာဝန်ယူရတဲ့ပုံစံ။ စစ်တပ်ထဲကို သူတို့ ပေါင်းရုံပဲ။ အဲဒီအခင်းအကျင်းအရကိုပဲ သွားရမယ်။ ဒီကြားထဲမှာ ဒါမျိုးမဟုတ်ဘူး အတင်းအကျပ်ပုံစံဆိုရင်တော့ လက်ခံမှာမဟုတ်ဘူး။

ဟင်္သာမီဒီယာ။ ။ ဆရာရဲ့ပြောကြားချက်တွေကို ကျွန်တော်နားထောင်ရသလောက်ကတော့ ဖွဲ့စည်းပုံပြင်ဖို့ ဆိုတဲ့ ဦးတည်ချက်က မွန်ပြည်သစ်ပါတီအတွက် ပိုပြီးတော့ အလေးထားစရာတစ်ခု ဖြစ်နေတယ်လို့ မြင်ပါ တယ်။ ဒါကိုNLDနဲ့ပေါင်းပြီးတော့ ဆရာတို့ ပြင်နိုင်မယ်လို့ ယုံကြည်တယ်ဆိုတဲ့ သဘောလား။

နိုင်ဟံသာဗွမ်ခိုင်။ ။ ဒါကတော့ NLD တစ်ခုတည်းနဲ့တော့ မဟုတ်ဘူးပေါ့။ ရှင်းရှင်းပြောရရင် နိုင်ငံရေး လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အဲဒီအပြင်ကို CBO လူမှုအဖွဲ့အစည်းတွေ။ ဒါလည်းပစ်ထားလို့ မရဘူး။ သူတို့တွေရဲ့အားတွေနဲ့ ပါဝင်လက်တွဲလုပ်ရမယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်သစ်ညီလာခံ အပြီးမှာ ပြောင်းလဲလိုက်တဲ့ အခင်းအကျင်းအရ ရှေ့ဆက်သွားမယ့် နိုင်ငံရေးအရ မူဝါဒအပိုင်းမှာ အရင်ကဆွေးနွေးထားတဲ့အတိုင်း hard liner သွားမှာလား soft liner သွားမှာလားဆိုတာကို ဆရာဘယ်လိုမြင်မိလဲ။

နိုင်ဟံသာဗွမ်ခိုင်။ ။ အဲဒါကတော့ ပြောလို့မရဘူး။ hard လား soft လားဆိုတာ။ ဒါပေမယ့် အနေအထားက hard လို့လည်းပြောလို့မရဘူး။ လူကြီးအချို့ကပြောတယ် ခင်ဗျားတို့ ထိပ်သီးခေါင်းဆောင်တွေက hard liner တဲ့။ ဒါပေမယ့် အမြင်ပေါ့။ အထင်မြင်လွဲတဲ့ ပုံစံအနေအထား ရှိတယ်။ ဒါကို သူ့ပေါ်လစီရပ်တည်မှုရဲ့ ဘောင်ကိုမဝင်တဲ့ အခါကျတော့ ဒီအတိုင်းပဲသွားမယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ NCA ထိုးပွဲမှာ မပါနိုင်တဲ့ အကြောင်းရင်းက ဒီကြောင့်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလည်း တပ်ပေါင်းစုမှာ ရှိနေတယ်။ တပ်ပေါင်းစုရဲ့ မူအရပဲ ရပ်တည်် သွားရမယ်။ အဲဒါကို ဒီတစ်ခုတည်းနဲ့ soft ဖြစ်တယ်လို့ hard ဖြစ်တယ်လို့ ပြောလို့တော့ မသင့်တော်ဘူးပေါ့။ အများနှင့် ဆုံးဖြတ်ထားပြီးမှ လိုက်နာရတယ်။

ဟင်္သာမီဒီယာ။ ။ ညီလာခံထုတ်ပြန်ချက်ထဲမှာ တစ်ခုပါဝင်တဲ့ နိုင်ငံရေးပါတီတွေကို တစ်စုတစ်စည်း တည်းဖြစ်ဖို့ ဆရာတို့ သဘောထားရှိတယ်။ မွန်ပြည်သစ်ပါတီက ဝိုင်းပြီးတော့ လုပ်ဆောင်သွားမယ့်လို့ ကြေညာချက်ထဲမှာ ပါတယ်။ တစ်ဖက်ကလည်း MNP လို့ခေါ်တဲ့ မွန်အမျိုးသားပါတီနဲ့ မဟာမိတ်ပုံစံမျိုးရှိတဲ့ အနေအထားဆိုတော့ ကျန်တဲ့ တခြား မွန်နိုင်ငံရေးပါတီတွေအနေနဲ့ လက်ခံပေးနိုင်ဖို့ အနေအထားကိုရော ဘယ်လိုသုံးသပ်လဲ၊ အားလုံးက တစ်စုတစ်စည်းဖြစ်မယ်ဆိုတဲ့ အနေအထားကရော အလားအလာ ဘယ်လောက်ရှိလဲ။

နိုင်ဟံသာဗွမ်ခိုင်။ ။ ဆန္ဒကတော့ ရွေးကောက်ပွဲရလဒ်ကို ညီလာခံကသုံးသပ်တဲ့အခါမှာ လက်ရှှိ မွန်အမျိုးသား reconcilation ပြီးတော့ကိုပြန်သုံးသပ်တဲ့အခါကျတော့ နိုင်ငံရေးပါတီတွေ တစ်ခုတည်းဖြစ်ဖို့ ကောင်းတယ်။ မွန်ပြည်သစ်ပါတီကတော့ သူလုပ်ပေးနိုင်တဲ့ အခန်းကနေ လုပ်ပေးမယ်။ တစ်ခုရှိတာက မွန်ပြည်သစ်ပါတီက MAU မှာအဖွဲ့ဝင်။ MAU အနေအထားနဲ့ပဲလုပ်မယ်။ နောက်တစ်ခု ပြည်မှာရှိတဲ့ သံဃာတော်တွေ၊ ဒီမှာက ရာမညနိကာယ်ယတို့နဲ့ ပေါင်းပြီးတော့၊ ညှိနှိုင်းပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲတိုင်ပင်တာတွေရှိတယ်။ အဓိကကတော့ reconcilition ။ မွန်အမျိုးသားတွေ အတွက် target က ပါတီတစ်ခုတည်းဖြစ်အောင်ကြိုး စားဖို့ပဲ။

ဟင်္သာမီဒီယာ။ ။ပြီးခဲ့တဲ့ အတွေ့အကြံု အရ ပါတီတစ်ခုတည်းဖြစ်အောင် တွန်းရင်း တွန်းရင်းနဲ့ ပိုပြီးတော့ မသင့့်မြတ်နိုင်ကြတဲ့ အပိုင်းလေးတွေ ဖြစ်လာနိုင်တဲ့ အနေအထားမျိုးလေးတွေ အကယ်၍ ဖြစ်လာမယ်ဆို ရင်ရော ဆရာ တို့ ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားတာရှိ်လဲ။

နိုင်ဟံသာဗွမ်ခိုင်။ ။ အဲဒါကပြောရခက်တယ်။ လုပ်မယ့်လုပ်ငန်းစဉ်တွေကို အဓိကက သံဃာတော်တွေနဲ့ ညှိနှိုင်းပြီးတော့ နောက်တစ်ခုက MAU ဘက်အပိုင်း ။ ကျွန်တော်တို့ ဘယ်လိုတွက်ထားလဲဆိုတော့ အမှန်က ၂၀၁၃ ခုနှစ်ကမော်လမြိုင်မှာ MON National Conference လုပ်ပြီးပြီ။ Congressiuon လုပ်ပေးတယ်။ ဒါပေမယ့်မဖြစ်လာဘူး။ ပိုပြီးတော့ အခြေအနေက ကွဲထွက်သွားတယ်။ ယိုယွင်းတဲ့ အနေအထားမှာ လုပ်လို့ မရဘူး။ ဒါကို reflect ပြန်လုပ်ရမယ်။ MAU ရဲ့စဉ်းစားချက်က မေလလောက်မှာ ညီလာခံပြန်လုပ်မယ်၊ တစ်ပါတီတည်းဖြစ်စေချင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒက အများဆုံးပဲ။ ရွေးကောက်ပွဲမှာလည်း မညီညွတ်ခြင်းရဲ့ ရလဒ်ကို တွေ့ပြီးပြီ။ ညီညွတ်တဲ့ တိုင်းရင်းသားတွေရဲ့ ရလဒ်ကိုလည်းတွေ့ ပြီးပြီ။ ဒါကြောင့်မို့ မဖြစ်မနေလုပ်ရ မယ့် အနေအထားမှာရှိတယ်။

ဟင်္သာမီဒီယာ။ ။မွန်အမျိုုးသား Congress ခေါ်နိုင်ဖို့ အတွက် မွန်အမျိုးသားညီလာခံကို နောက်တစ်ကြိမ် လုပ်မယ်ဆိုတော့ ဘယ်လိုမျိုး ရာထားလဲ။ ပြီးခဲ့အခေါက်တုန်းက မော်လမြိုင်မှာ လုပ်တယ်ဆိုတော့ ဒီတစ် ခေါက်ဘယ်မှာလုပ်မှာလဲ၊ ဘယ်သူတွေပါဝင် တက်ရောက်မှာလဲဆိုတဲ့ အနေအထားလေးကို ပြောပြပေးပါလား။

နိုင်ဟံသာဗွမ်ခိုင်။ ။ ဒီအပတ်ကျတော့ မော်လမြိုင် မဟုတ်တော့ဘူး။ ဟိုုဘက်ဒီဘက်သွားလာ အဆင်ပြေ အောင်၊ oversea တွေ၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် ဘုရားသုံးဆူနယ်စပ် ဂျပန်ရေတွင်းရွာမှာ လုပ်မယ်။ ဘယ်သူတွေပါမလဲ ဆိုတာကတော့ အရင်အတိုင်းပဲ နိုင်ငံရေးပါတီတွေအားလုံးပါဖို့၊ CBO/CSO တွေပါဖို့၊ အဝေးရောက်တဲ့ မွန်တွေရောအားလုံးပါဝင်ဖို့ အကုန်လုံးကိုဖိတ်မယ်။

ဟင်္သာမီဒီယာ။ ။ အရင်ပြီးခဲ့တဲ့အပတ်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရဲ့ ပြောလာတဲ့ စကား အရကတော့ ဆရာတို့အခု NCA မထိုးရသေးတော့ Blacklist လို့ခေါ်တဲ့ မတရားအသင်းအဖြစ် ၁၇/၁ ကိုကြောက်နေတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နိုင်ချေရှိတော့ မွန်ပြည်သစ်အနေနဲ့ မွန်အမျိုးသား ညီလာခံမတိုင်ခင် NCA လက်မှတ်ထိုးဖို့ ဖြစ်လာနိုင်ချေရှိမလား။

နိုင်ဟံသာဗွမ်ခိုင်။ ။ သေချာပြောလို့တော့ မရဘူူး၊ အခင်းအကျင်းတော့ ရှိနေတာပေါ့။ ဒါပေမယ့် လူကြီးတွေလည်း ဆန္ဒရှိနေတော့ အဲဒီအစည်းအဝေးမတိုင်ခင်ပဲ ဖြစ်မလား၊ နောက်ကျမှ ဖြစ်မလား တိတိကျကျပြောရခက်တယ်။

ဟင်္သာမီဒီယာ။ ။ ဆရာတို့ရဲ့ အဓိက ညီလာခံအခြေအနေ တစ်ခုမှာ လက်ရှိဥက္ကဋ္ဌ အပြောင်းအလဲ မဖြစ်သွားဘူးဆိုတဲ့ အပေါ်မှာပေါ့ တချို့ အသံတွေက ရှိတယ်ပေါ့နော်၊ မကျေနပ်ဘူးဆိုတဲ့ အသံတွေ ။ နောက်ပြီးတော့ ညီလာခံအတွင်းမှာ လက်ရှိဥက္ကဋ္ဌက ပြောင်းမယ်မပြောင်းဘူးဆိုတဲ့ အနေအထားကို ဘာတွေများ အကျယ်တဝင့် ဆွေးနွေးကြတာရှိလဲ။

နိုင်ဟံသာဗွမ်ခိုင်။ ။ ဖွဲ့စည်းပုံအရဆို ညီလာခံဆုံးဖြတ်ချက်က အားလုံးစုံတယ်။ ဒီညီလာခံမှာ ဆွေးနွေးထားတာက ဒီမိုကရေစီအရ ဆွေးနွေးကြတယ်။ အကြောင်းအရာတစ်ခု၊ issue တစ်ခုကို အကြိတ်အနယ် ဆွေးနွေးကြတာရှိတယ်။ လွယ်လွယ််လေးပဲ အားလုံးအမြင်ချင်း တူတော့လည်း ဆုံးဖြတ်ချက်ချလိုက်တာ။ တစ်ချို့ကိစ္စဆုံးဖြတ်တာကတော့ မဲနဲ့ဆုံးဖြတ််တယ်။ ဒီအပတ်မှာကျတော့ မဲနဲ့ဆုံးဖြတ်တာနည်းတယ်။ ဒါက ဒီမိုကရေစီလမ်းကြောင်းအရ ဆုံးဖြတ်ကြတယ် ဆွေးနွေးကြတယ်၊ တင်ပြကြတယ်၊ ငြင်းကြတယ်၊ အဖြေမထွက်လာကြဘူး။ မဲကွဲရလောက်ရလောက်အောင်တော့ အမြင်တွေကွွဲအောင် မဖြစ်ခဲ့ဘူး။ အဓိကကတော့ ဘာမှမဟုတ်ပါဘူး အသက်အရွယ်ကန့်သတ်မှု။ ဒါကလည်း အောက်ခြေကနေတင်တယ်၊ ဥက္ကဌရဲ့ အရွယ် တာဝန်ထမ်းဆောင်မှု သက်တမ်းကို အရင်ကတော့ တပ်အတိုင်းပဲ စဉ်းစားတယ်။ တပ်မှာက ၆၀ဆိုရင် အုပ်ချုပ်ရေးပြောင်း၊ နိုင်ငံရေးအပိုင်းကိုပြောင်းဖို့ အသက်၆၀ကျော်ရင် တပ်မှာ တာဝန်ထမ်းဆောင်ခွင့်မရှိကန့်သတ်ထားတာ အဲဒါကို ၆၅ ပြောင်းတာ။ အရင်ကနိုင်ငံရေးပါတီ ရ၀ ကို ရ၅ အဲဒါက အောက်ခြေအဆင့်ဆင့် ကနေပြီးတော့ တင်ပြဆွေးနွေး ထားတာဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ညီလာခံမှာ အဓိက ကျယ်ကျယ်ပြန့်ပြန့် အကျိတ်အနယ် ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာက ဘာများဖြစ်မလဲ။

နိုင်ဟံသာဗွမ်ခိုင်။ ။ ပညာရေးတော့ရှိတယ်။ ကျိတ်ကျိတ်နယ်နယ်ဆွေးနွေးရတာရှိတယ်။ ပညာရေးမူဝါဒကိုပေါ့။

ဟင်္သာမီဒီယာ ။ ။ ဆရာတို့ဗဟိုကော်မတီဝင်ထဲမှာ အမျိုးသမီးပါဝင်နိုင်တဲ့ အနေအထားလေးတွေ ရှိတာပေါ့ နော်၊ အဲဒါကိုရှေ့ဆက်ဘယ်လိုစဉ်းစားထားလဲ။ တစ်ဖက်မှာ နိုင်ငံတကာရဲ့စံချိန်စံညွန်းတွေကလည်း ပြန်ပြီးတော့ ချိန်ထိုးစရာဖြစ်နေလို့။

နိုင်ဟံသာဗွမ်ခိုင်။ ။ မူတော့ရှိတယ်။ အမျိုးသမီးတွေ ကော်မတီမှာ မဲပေးရဖို့ မူအရလှုပ်ဆော် ခဲ့ဖူးတာရှိတယ်။ ဒါပေမဲ့ ဒီအပတ်က အမျိုးသမီးတွေရွေးဖို့က ကော်မတီအဆင့်ကိုရွေးဖို့။ တစ်ခုတော့ရှိတယ် ဗဟိုကော်မတီရဲ့ အရည်အချင်းပေါ့။ အရည်အချင်းဆိုတာက ဘယ်နှနှစ် တာဝန်ထမ်းဆောင်ဖူးသူရှိရမယ်၊ အနိမ့်ဆုံးအဆင့် လက်ရှိ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ရမယ်ဆိုတဲ့ အရည်အချင်းကန့်သတ်ချက်ရှိတယ်။ အဲဒီအရည်အချင်း ကန့်သတ်ချက်နဲ့ပြည့်တဲ့ အမျိုးသမီးကနည်းတယ်။ ပါတီရဲ့ လက်ရှိအနေအထားက အမျိုးသမီးနည်းတယ်။ ရှိတဲ့အမျိုးသမီးတွေကလည်း ငယ်ငယ်တွေပဲများတယ်။ ဒါပေမယ့် ဒီအပတ် ခရိုင်အဆင့်လောက်တော့ ရလိုက်တယ်။ ခရိုင်ကော်မတီအဆင့်၊ ခရိုင်အလုပ်မှုဆောင်အဆင့် လောက်တော့ရလိုက်တယ်။ ဗဟိုကော်မတီဖြစ်ဖို့ ခရိုင်အလုပ်မှုဆောင်ကနေ အဆင့်ဆင့်တက်သွားတာပဲ။ အခုဆိုရင် အမျိုးသမီးတွေ ခရိုင်အလုပ်မှုဆောင်အဆင့်ထိပါလာပြီ။ တစ်ချို့မြို့နယ်အုပ်ချုပ်ရေးပိုင်းလုပ်ငန်းတွေမှာ သူတို့ပါဖို့ လမ်းဖွင့်ထားတာရှိတယ်။ နှစ်ရှည်တာဝန်ထမ်းတဲ့သူတွေမှာ တစ်ချို့တွေက များသောအားဖြင့် နားလိုက်တာတို့၊ ထွက်လိုုက်တာတို့ရှိတယ်။ တစ်ချို့ဆိုရှိတယ်။ အရည်အချင်းပြည့်တယ် ဒါပေမယ့် သူကိုယ်တိုင် အရွေးမခံ တာလည်း ရှိတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာတို့ မွန်ပြည်သစ် အခန်းကဏ္ဍနဲ့ပက်သက်ပြီး ဘာများထပ်ပြော ချင်သေးလဲ။

နိုင်ဟံသာဗွမ်ခိုင် ။ ။ ကျွန်တော်တို့ ခက်ခဲတာဆိုလို့ အခု မွန်ပြည်နယ်မှာ ပြည်သားတွေက ကျွန်တော်တို့ မွန်ပြည်သစ်က ဘာဖြစ်လို့ NCA လက်မှတ်မထိုးတာလဲဆိုတာကို တိုုက်တွန်းကြတာရှိတယ်။ ရှင်းရတာရှိတယ်။ ဘာကြောင့် မထိုးဖြစ်လဲဆိိုု၊ တစ်ချို့မြင်သွားတာ တစ်မျိုးရှိမယ်။ မွန်ပြည်သစ်ပါတီက ငြိ်မ်းချမ်းရေးကို ကျောခိုင်းတဲ့ အနေအထားလား၊ ဝေးကွာတဲ့ အနေအထားပေါ်လစီလားပေါ့။ အဲဒါတော့ မဟုတ်ဘူး။ အမှန်တကယ်တော့ ရေရှည်ဖြစ်တဲ့ ငြိမ်းချမ်းရေးလိုချင် လို့ တကယ်ပြည့်စုံတဲ့ အခင်းအကျင်းရအောင် စောင့်တာပဲ။ အချိ်န်ယူရတာတော့ရှိတာပေါ့။ ဒါတွေက တကယ့် ကိုယ့်ပြည်နယ်တစ်ခုတည်းအတွက် မဟုတ်ဘူး။ ကိုယ့်တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်နေတယ်။ လုပ်လို့တော့ရတာပေါ့ ဒါပေမဲ့ တကယ့် real မဖြစ်လာရင် မဟုတ်သေးဘူး။ တစ်ချို့က အထင်အမြင်နည်းနည်း လွဲနေတာရှိတယ်။ ကျောခိုင်းတာလား ငြိမ်းချမ်းရေးကို မလိုချင်တာလားပေါ့။ မဟုတ်ဘူး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်လို့ အချိန်စောင့်နေတာ။ စစ်မှန်တဲ့ အခင်းအကျင်းလေး လမ်းစလေးရဖို့ အဲဒါအခင်းအကျင်းလေးကို စောင့်နေတာ။ လမ်းစရရင်တော့ သေချာပေါက် ဖြစ်လာမှာပဲ။ ပါလာမှာပဲ။

ဟင်္သာမီဒီယာ။ ။တစ်ဖက်မှာကလေ အခုဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပြောနေ တာတော့ရှိပါတယ်။ ဒါပေမယ့် NLD ပါတီရဲ့ တိုင်းရင်းသားရေးရာတွေနဲ့ ပက်သက်တဲ့ မူဝါဒတွေက တိတိကျကျ မရှိဘူး အဲဒါမျိုးတွေ ထင်ထင်ရှားရှားမရှိဘူးဆိုတဲ့ အသံမျိုးတွေလည်း တော်တော်ကြားရတယ်ဆိုတော့ ဆရာတို့အနေနဲ့ NLD နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စဉ်းစားဟန်ရှိတယ်ဆိုတဲ့အပိုင်းမှာ ဒီအချက်တွေမှာ နည်းနည်းအံဝင်ခွင်ကျဖြစ်ဖို့ ကွဲလွဲ နေတာမျိုးတွေ့နေရသလားလို့။ ဆရာတို့ အဲဒါ ဘယ်လိုသဘောထားလဲ။

နိုင်ဟံသာဗွမ်ခိုင်။ ။ အဲဒါကတော့ဟုတ်တယ်။ ဒါကတော့ အဆက်အစပ်ပေါ့။ အမှန်တော့ ဒေါ်စုအပေါ်မှာ ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှုရော၊ ဘာရော ပြောစရာမလိုမျိုးအကုန်ရှိကြတယ်။ ဒါပေမဲ့ NLD ကမူကွဲတွေကို တစ်ခါမှ သေသေချာချာ ခိုင်ခိုင်မာမာပုံစံ မချပြဘူး။ မချတော့ သံသယရှိတာပေါ့။ နောက်ပိုင်း ရွေးကောက် ပွဲကာလ ရော၊ ရွေးကောက်ပွဲပြီးကာလရော ဒေါ်စုရဲ့အသံကို နားထောင်ကြည့်တော့ မူဝါဒပုံစံမဟုတ် ပေမယ့် ပြောတဲ့စကားတွေမှာ မူသဘောတွေ အများကြီးပါတယ်။ တိုင်းရင်းသားတွေ ကိစ္စအတွက် အများကြီးပါတယ်။ ဒါကတော့ ကျွန်တော်တို့ positive လို့ပဲ မြင်တယ်လေ။ တိုင်းရင်းသားဘက်ကို ရပ်တည်ပြီးတော့ ပြောလာတဲ့ အနေအထားတွေ အများကြီးပဲ။ အခုလက်ရှိ လွှတ်တော်မှာ သူတို့ထားတဲ့ အခင်းအကျင်းရောဘာရောဆိုရင် ပိုပြီးတော့ ယုံကြည်မှုတိုးစေတယ်။ အားကောင်းလာစေတယ်။ ဒါကြောင့်မို့ အစိုးရအနေအထားကတော့ စောင့်ကြည့်ရမှာပေါ့။

ဟင်္သာမီဒီယာ။ ။ ပါတီရဲ့အခြေခံမူ ပြောင်းလဲသွားတာရှိလား။

နိုင်ဟံသာဗွမ်ခိုင်။ ။ မူအကြီးကြီးအနေနဲ့ ပြောင်းလဲသွားတာ မရှိဘူူး၊ ဒါပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုချက်အချို့ နည်းနည်း မသဲကွဲတာရှိတယ်။ အဲဒီမသဲကွဲတဲ့ မပြတ်သားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင်ကပြောင်းထား တာရှိတယ်။ ပြောင်းထားတဲ့ဟာကိုပဲ အဓိပ္ပါယ်ယူဆချက် နည်းနည်းလွဲမှားနေတာရှိတယ်။ အဲဒါ နည်းနည်းပြင် ရုံပဲရှိတယ်။ လမ်းစဉ်ပြောင်းတာတို့ ကြီးကြီးမားမား ပြောင်းတာတို့ မရှိဘူး၊ ဒီအတိုင်းပဲဆက်သွားတယ်။

Leave a Reply